သာဂရ မြို့ဟောင်း
သာဂရမြို့ဟောင်းသည် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ သာဂရမြို့ဟောင်းကျေးရွာအနီး တွင်တည်ရှိသည်။ သာဂရမြို့ဟောင်းသည် ဝိုင်းဝန်းသည့် ပုံသဏ္ဌာန်ရှိ၍ မြို့ဟောင်းရာများနှင့် ကျုံဟောင်းရာများ ထင်ရှားစွာကျန်ရှိသည့် မြို့ဟောင်းတစ်မြို့ ဖြစ်သည်။ မြို့ရိုး(၃)ထပ်ပါရှိသည်။ မြို့ရိုးမှာ အရှေ့အနောက် (၁)မိုင် နီးပါးရှိပြီး တောင်မြောက် မိုင်ဝက်ကျော်ခန့် ရှိသည်။ အပြင်ဘက်မြို့ရိုးအဝိုင်း၏ အလယ်ပတ်လည်မှာ (၂)မိုင်ခွဲ့ခန့်ရှိ၍ မြို့ဧရိယာမှာ (၂၆၀)ဧကခန့်၊ အတွင်းမြို့ရိုးဧရိယာမှာ (၁၃၀)ဧကခန့် ရှိပါသည်။ ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက တူးဖော်ထိန်းသိမ်းရေးလုပ်ငန်းကို ၂၀၀၀-၂၀၀၁ ဘဏ္ဍာရေးနှစ်တွင် ရန်ကုန်ဌာနခွဲမှ သုတေသနအရာရှိ ဒေါ်ငွေငွေစိုး ဦးဆောင်သောအဖွဲ့မှ ကုန်းအမှတ်(၁)နှင့် (၂) ကုန်းအား (ပထမ)အကြိမ် တူးဖော်ခဲ့ပြီး ၂၀၁၅-၂၀၁၆ ဘဏ္ဍာရေးနှစ်တွင် ထားဝယ်ဌာနခွဲမှ ကုန်းအမှတ် (၃)နှင့် (၄) ကို တူးဖော်သုတေသနပြု ဆောင်ရွက်ခဲ့ပါသည်။
.
တနင်္သာရီတိုင်းဒေသကြီးတွင်ရှိသော မြို့ဟောင်း ၁၈ ခုအနက်သာဂရသည် အထင်ရှားဆုံးဖြစ်သည်။ သာဂရကို ထားဝယ် မြို့နှင့် တွဲ၍ သိရှိကြသော်လည်း မျက်မှောက်ခေတ် ဖွဲ့စည်းပုံအရ သာဂရသည် လောင်းလုံးမြို့နယ် အတွင်း၌ တည်ရှိသည်။သာဂရ မြို့ဟောင်းမှ လက်စင်းရာပါရှိသည့် အုတ်ချပ်များ၊ အရိုးအိုးများ၊ ဖန်ပုတီးများနှင့် ကြေးဆင်းတု ဗုဒ္ဓရုပ်ပွားတော်များ ရရှိခဲ့သည်။
ထားဝယ်ဒေသ၌ ထင်ရှားစွာကျန်ရှိနေသည့် မြို့ဟောင်း (၁၁) ခု အနက် ခုနစ်ခုသည် ထားဝယ်မြစ်ရိုး တစ်လျောက်၌ တည်ရှိ ကြကာ သာဂရ နှင့် မုတ္ထီးတို့တွင် ကျုံး၊ မြို့ရိုးနှင့် နန်းတော်ရာများကျန်ရှိနေသည်။ လောင်းလုံးမြို့နယ်ရှိ အပြင်သာဂရ မြို့ ဟောင်း မြို့ရိုးနှင့်ကျုံး၊ အတွင်းသာဂရမြို့ဟောင်း မြို့ရိုးနှင့်ကျုံး၊ သာဂရမြို့ဟောင်းနှင့်ပျူသချၤ ိုင်း(အရိုးကုန်း)တို့ကို ရှေးဟောင်း သုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနက ရှေးဟောင်းအဆောက်အဦများအဖြစ်စောင့်ရှောက် ထိန်းသိမ်းထားသည်။
သာဂရမြို့ကို ထားဝယ်မြို့၏ အနောက်မြောက်ဘက် ကိုးမိုင်အကွာ၊ ထားဝယ်မြစ်၏ အနောက်ဘက်ကမ်းတွင် ကောဇာ သက္ကရာဇ် ၁၁၃ ခုနှစ်က တည်ထားခဲ့ကြောင်း ယူဆကြကာ သာဂရမြို့တည် ဥသြစည် ဟု အမှတ်အသားပြုခဲ့ကြသည်။ ကောဇာ သက္ကရာဇ် ၂၇၆ ခုနှစ်တွင် သာဂရ ပျက်ခဲ့ပြီးနောက် ၃၅၇ ခုနှစ်တွင် အမတ်ဗျညားဦးက ဒုတိယအကြိမ် တည်ထောင်၍ ၄၃၈ ခုနှစ် တွင် ထပ်မံပျက်စီးခဲ့သဖြင့် ၉၂၄ ခုနှစ်တွင် မွန်အမတ် ဗြသဗိုက်က တတိယ အကြိမ်ထူထောင်ခဲ့သည်။ပထမ နှင့် ဒုတိယ သာဂရ မြို့တည်နှစ်များသည် ထားဝယ်ရာဇဝင်တွင်ပါရှိသည် ခုနှစ်များသာ ဖြစ်ပြီး အမှန်ဟု တစ်ထစ်ချ မဆိုနိုင်ကြောင်း သမိုင်းပညာရှင် မောင်သန်းဆွေ(ထားဝယ်)က ရေးသားခဲ့သည်။
သာဂရကို ပထမအကြိမ် တည်ထောင်ခဲ့စဉ်က မြို့ဝန်း တာ (၇၄၀)၊ မြို့တံခါး လေးပေါက်နှင့် လမ်းမ လေးသွယ်ရှိခဲ့သည် ဟု ဆိုသည်။သာဂရသည် ထားဝယ်မြစ်အတွင်းသို့ စီးဝင်နေသည့် ပဒတ်ချောင်းနှင့် ဆင်ပုနစ် ချောင်းအကြားတွင် တည်ရှိ၍ မြေပုံ အညွှန်းသည် မြောက်လတ္တီတွဒ် ၁၄ ဒီဂရီ ၁၀ မိနစ်နှင့် အရှေ့လောင်ဂျီတွဒ် ၆၉ ဒီဂရီ ၁၀ မိနစ်အကြားဖြစ်သည်။ရှေးအခါက သာဂရ ကို ဆင်ပုနစ်မြို့ဟောင်း၊ ဇလွန်မြို့ဟောင်းဟုလည်း ခေါ်ခဲ့ကြသည်။
လက်ရှိ သာဂရ
၂၀၁၄ ခုနှစ်တွင်ကောက်ယူခဲ့သည့် သန်းခေါင်စာရင်းအရ သာဂရ တည်ရှိသည့် မြို့ဟောင်းကျေးရွာအုပ်စုတွင် အိမ်ခြေ ၈၆၆ လုံးရှိ၍ နေထိုင်သူဦးရေသည် ၃၆၃၄ ဦးဖြစ်သည်။
မြို့ဟောင်းကျေးရွာ၏ လေးဘက်လေးတန်၌ မြေမြို့ရိုးများ၊ကျုံးဟောင်းရာများရှိ၍ မြို့ဟောင်းအတွင်း၌ ဘုရားကုန်းဟောင်း များ၊မြေကုန်းများ၊ အုတ်ရိုး အပိုင်းအစများကို တွေ့ရှိရကာ မြေမြို့ရိုးများသည် အမြင့်ဆုံးနေရာတွင် (၁၆) ပေရှိ၍ ပျမ်းမျှ အကျယ် သည် (၆) ပေခွဲကျော်ဖြစ်သည်။
ကောင်းကင်မြေပုံ တိုင်းတာမှုများအရ မြို့ရိုးသုံးထပ်ရှိသည့် သာဂရမြို့ဟောင်း၏ အပြင်မြို့ရိုးသည် ဝန်းဝိုင်းသော ပုံ ရှိ၍ မြို့ရိုး ပတ်လည်သည် (၂ ဒသမ ၃၉) မိုင်၊ ဒုတိယမြို့ရိုးသည် (၁ ဒသမ ၄) မိုင် နှင့် အတွင်းပိုင်းမြို့ရိုးသည် (၁ ဒသမ ၃၆) မိုင်ရှည်
လျားသည်။ အပြင်မြို့ရိုး၏ အတွင်းပိုင်း အရှေ့အနောက်အကျယ်သည် (သုည ဒသမ ၇၉) မိုင်နှင့် တောင်မြောက် အကျယ်သည် (သုည ဒသမ ၆၁) မိုင်ရှိသဖြင့် မြို့ဟောင်းဧရိယာသည် (၂၄၅) ဧက ဖြစ်သည်။
အတွင်းမြို့ရိုးသည် ထောင့်မှန်မကျသည့် စတုဂံပုံသဏ္ဌာန်ရှိ၍ မြေမြို့ရိုးရာများနှင့်ကျုံးရာများကျန်ရှိနေကာအတွင်း ဘက်၌ ရှိ ထောင့်ချိုးမကျသော စတုဂံပုံ သဏ္ဌာန် မြို့ရိုးသည် မြို့ဟောင်းမြောက်ဘက်ခြမ်းနှင့် တစ်ဆက်တည်းဖြစ်နေသည်။
၂၀၁၃- ၂၀၁၄ ခုနှစ်တွင် ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် သာဂရမြို့ဟောင်းတစ်ခုလုံးနှင့်
မြို့ဟောင်းမြောက်ဘက်ရှိ ပျူ သချၤ ိုင်းများအပါအဝင် အကျယ်အဝန်း (၂၈၇) ဧကကို ရှေးဟောင်းနေရာ တည်ရှိရာဇုန်အဖြစ် သတ် မှတ်ခဲ့ကာ အပြင် မြို့ရိုးမှ တစ်မိုင်ပတ်လည်ကို ကာကွယ်ထိန်းသိမ်းထားသော ဇုန်အဖြစ်သတ်မှတ်၍ ဇုန်နယ်နိမိတ် ကျောက်တိုင် များ စိုက်ထူခဲ့သည်။
ထားဝယ်မြို့မှ သာဂရမြို့ဟောင်းသို့ ကျွန်တော်လေ့လာရေး သွားခဲ့စဉ် မြေမြို့ရိုး နှစ်ထပ် ထင်ရှားစွာကျန်ရှိနေသည့် မြို့ဟောင်းတောင်ပိုင်းကို ဖြတ်၍ မြို့ဟောင်းအတွင်းသို့ ဝင်ခဲ့ရသည်။မြို့ဟောင်းရွာသို့ဝင်သည့် မော်တော်ကားလမ်းသည် သာဂရမြို့ဟောင်း၏ တောင်ဘက် မူလဝင်ပေါက်ဖြစ်ပြီး မြောက်ဘက်ဝင်ပေါက်နေရာကိုလည်း အနည်းငယ်ဖြိုဖျက်၍ မော် တော်ကားလမ်း ဖောက်လုပ်ထားသည်။
သာဂရမြို့ဟောင်း၏ အရှေ့တောင်ဘက် အပြင်မြို့ရိုးနှင့် အတွင်းမြိ့ရိုး အကြား ပေ (၇၅၀) ကျော် ကျယ်ဝန်းသည့် နေရာမှ အိုးကွဲစများ၊ စဥ့်ကွဲများ၊ ပုတီးစေ့များကို ရရှိခဲ့သဖြင့် ယင်းနေရာတွင် လူများ အခြေချနေထိုင်ခဲ့ဟန်ရှိပေသည်။သာဂရမြို့ ဟောင်း ၏ မြောက်ဘက် မြေမြို့ရိုးမှ မီတာ ၂၀၀ (၆၅၆ ပေ) အကွာရှိ နန်းတော်ရာဟောင်းဟု ယူဆကြသည့် နေရာ၌ အုတ်တန်းများ ကျန်ရှိနေ သည်။ယင်းနေရာမှ အရှေ့ဘက် ၁၅၄ မီတာ (၅၀၅ ပေ) တွင် နန်းဦးစေတီနှင့် ရဟန္တာသိမ်ရှိသည်။မြို့ဟောင်း၏ မြောက်ဘက်မြို့ရိုး အပြင်တွင် မင်္ဂလာ ရေကန်ဟောင်းသည်ပေ (၁၁၀) ပတ်လည်ရှိပြီး ကောနေပြီဖြစ်သည်။
သာဂရ သင်္ချိုင်း
သာဂရမြို့ဟောင်း တောင်ဘက်မြို့ရိုးအပြင်၌ မြို့ကိုးကုန်းဟု ခေါ်ဆိုသည့် နေရာ၌ ကုန်းတစ်ခု ကို ပြုပြင်၍ မြို့ဦး စေတီ တည်ထားသဖြင့် ကုန်းရှစ်ကုန်းကျန်ရှိနေသည်။ မြို့ဦးစေတီ မတည်မီက ကုန်းကိုးကုန်းရှိခဲ့သဖြင့် မြို့ကိုးကုန်းဟုပင် ဆက်လက် ခေါ်ဆိုခဲ့ကြသည်။
မြို့ကိုးကုန်း၏ အနောက်ဘက် မီတာ ၉၀ (၂၉၅ ပေ) အကွာမှ အတွင်း၌ အရိုးပြာများပါရှိသည့် မြေအရိုးအိုးငယ်များနှင့် မီးသွေးစများရရှိခဲ့သည်။ယင်းမြေရိုးအိုးများ၏ လည်တိုင်တွင် အပြောက်အမွှမ်းများရေးဆွဲထားသည်။ယင်းနေရာမှ အရိုးအိုးများစွာကို တွေ့ရှိခဲ့သဖြင့် သာဂရမြို့ဟောင်း၏ သချၤ ိုင်းဟောင်းနေရာဟု ယူဆခဲ့ကြသည်။အရိုးအိုးများတွင်ပုတီးစေ့ တစ်စေ့မှ ငါးစေ့အထိပါ ရှိကာ ပုတီးစေ့မပါရှိသော အိုးများလည်း ရှိခဲ့သည်။သာဂရ အရိုးအိုးများသည် ပျူမြို့ဟောင်းများတွင် တွေ့ရှိရလေ့ရှိသည့် အရိုး အိုး များနှင့် တူညီနေပေသည်။
ဒေသခံများက မင်းသမီးသချၤ ိုင်းရာဟု ခေါ်ဆိုကြသည့် နေရာသည် သာဂရမြို့ဟောင်း၏ အနောက်တောင်ထောင့်တွင် တည်ရှိပြီး ယခုအခါ မြေပြင်ညီဖြစ်နေသည့် ယင်းနေရာသည် မူလက ကုန်းမို့ ဖြစ်ခဲ့ဟန်ရှိသည်။
သာဂရ မြို့ဟောင်းတူးဖော်မှုများ
ရှေးဟောင်းသုတေသန နှင့် အမျိုးသားပြတိုက်ဦးစီးဌာနသည် သာဂရ မြို့ဟောင်းကို သုံးကြိမ် တူးဖော်ခဲ့ပြီး ၂၀၀၀ ပြည့်နှစ် ဖေဖော်ဝါရီလတွင် ဦးစီးအရာရှိ ဒေါ်ငွေငွေစိုး ဦးဆောင်သည့် အဖွဲ့က ပထမဆုံး တူးဖော်မှုအဖြစ် ကုန်း အမှတ်(၁)နှင့် အမှတ်(၂) (SGR 1)(SGR 2) တို့ကို တူးဖော်ခဲ့သည်။
တူးဖော်မှုတွင် သာဂရမြို့ဟောင်း မြောက်ဘက် အထွက်လမ်းအနီးမှ စေတီဟောင်းတစ်ဆူ၏ လေးထောင့် အုတ်ရိုး ပန္နက် နေရာမှ ဆည်းလည်း အကျိုးတစ်ခု၊ ဆည်းလည်း၏ ညောင်ရွက်ပုံအဆံ သုံးခု၊ငွေလက်ကောက် တစ်ကွင်း၊ မြေဆီမီးခွက် အကောင်း သုံးခုနှင့် အကျိုး ရှစ်ခု၊ စဥ့်ထည်အကျိုး အပဲ့ ငါးခု၊ ကြွေထည် အကျိုးအပဲ့ ခြောက်ခုနှင့် မြေထည် အကျိုး အပဲ့ ၅၃ ခု၊ ဇောင်းဖဲ့ထား သည့် အုတ်ချပ်များကို တွေ့ရှိခဲ့သည်။ သာဂရ မြို့ဟောင်း တူးဖော်မှု အစီရင်ခံစာက တူးဖော်မှုတွင် တွေ့ ရှိရသည့် ပစ္စည်းများနှင့် အုတ်အရွယ်အစားများအရ ယင်းစေတီကို အေဒီ ၁၅ ရာစု (သို့မဟုတ်) ၁၆ ရာစု တွင် တည်ထားခြင်း ဖြစ် နိုင်ကြောင်း ယူဆချက် ကို ဖော်ပြထားသည်။
သာဂရ မြို့ဟောင်း တူးဖော်မှု ဒုတိယနေရာဖြစ်သည့် နန်းတော်ကုန်းနေရာကို အုတ်လွှာ ၁၅ လွှာအထိ တူးဖော်ခဲ့ရာ အောက်ပိုင်း အုတ်လွှာ ရှစ်လွှာကို မူလ စီထားသည့် အတိုင်းတွေ့ရှိခဲ့သည်။ တူးဖော်မှု အဖွဲ့က ယင်း အုတ်တန်းများကို ပျူ ခေတ် နှောင်း နှင့် ပုဂံခေတ် အကြားတွင် တည်ထားခဲ့ဟန်ရှိကြောင်းသုံးသပ်ခဲ့သည်။နန်းတော်ကုန်း ပထမအကြိမ် တူးဖော်မှုမှ ဆေးတံရိုး တစ်ခုနှင့် ဆင်းတုတော် လက်အကျိုးတစ်ခုကို ရရှိခဲ့သည်။
သို့သော် ယင်းနေရာကို ဒုတိယ အကြိမ်တူးဖော်ရာတွင် ဝင်ပေါက် ဆင်ဝင် ၊ ခန်းမကျယ် တစ်ခုနှင့် အခန်းငယ် ငါးခုပါရှိပြီး အလျား (၆၉) ပေ နှင့် အနံ (၄၉) ပေရှိသည့် အုတ်တိုက်ဟောင်းတစ်ခု၏ ပန္နက်ရာကို တွေ့ရှိခဲ့သည်။ ယင်းအဆောက်အအုံ ပန္နက် နှင့် အတူ ဗိသုကာ အဆင်တန်ဆာ အုတ်ချပ်များ၊ မြေဆေးတံအကျိုးများ၊ မြေထည် ၊ စဥ့်ထည်နှင့် ကြွေထည် အိုးခွက် ပန်းကန် အကွဲ များ၊ မြေပုတီးလုံးများ၊ စဥ့် သုတ်ထားသော အရုပ်ငယ်ခေါင်းပိုင်းတစ်ခု၊ မြေပြားဝိုင်းတစ်ခုနှင့် မြေဆီမီးခွက်များကို တွေ့ရှိခဲ့ သည်။
တူးဖော်မှု ခေါင်းဆောင် ဦးစီးအရာရှိ ဒေါ်ငွေငွေစိုးက ယင်းနေရာတွင် အုတ်ရိုးတန်းများသည် လူနေအိမ်ခြေများ အတွင်းသို့ ရောက်ရှိနေသဖြင့် တူးဖော်မှု လုပ်ငန်းများကို ဆက်လက် ဆောင်ရွက်နိုင်ခြင်းမရှိ ကြောင်း ပြောကြားခဲ့သည်။ ထို့အတူ ယင်း အဆောက်အအုံပန္နက်ရာသည် နန်းတော်ရာဟု ယူဆခြင်းထက် စစ်သူကြီးကဲ့သို့သော အုပ်ချုပ်သူ အကြီးအကဲ တစ်ဦး၏ အိမ်နေရာ ဖြစ်ဖွယ်ရှိကြောင်း တူးဖော်မှု ခေါင်းဆောင်က သုံးသပ်ခဲ့သည်။
အုတ်ချပ်များနှင့် အဆောက်အအုံ တည်ဆောက်ထားသည့် ဗိသုကာ ပုံစံအရ အေဒီ ရှစ်ရာစုတွင် တည်ဆောက်ခဲ့ခြင်း ဖြစ်နိုင်ကြောင်း တူးဖော်မှု အစီရင်ခံစာတွင် ရေးသားထားသည်။ ယင်းအချိန်သည် သာဂရ မြို့ဟောင်းကို တည်ထောင်ခဲ့သည့် အချိန် ဖြစ်သည်။
သာဂရ ယဉ်ကျေးမှု အထောက်အထားများ
မြို့ရိုးဟောင်း၊ကျုံးဟောင်း၊ သချၤ ိုင်းရာ နှင့် နန်းတော်ရာဟု ယူဆရသည့် အဆောက်အအုံ ပန္နက်များကျန် ရှိနေသည့် သာဂရ မြို့ဟောင်းသည် တစ်ချိန်က အုပ်ချုပ်သူနှင့် ပြည်သူများ စုစည်းနေထိုင်ခဲ့ကြသည့် မြို့ပြနိုင်ငံတစ်ခုဟု ကောက်ချက်ချနိုင်ခဲ့ ပေသည်။တည်ထားသည့် ပထဝီဝင်အနေအထားအရ သာဂရသည်ကုန်းလမ်း ရေလမ်းတို့မှ အလွယ်တကူ သွားလာနိုင်ခဲ့သည့် နေရာတစ်ခုဖြစ်ကာမြေဆီမြေနှစ်ကောင်းမွန်သည့် နုန်းတင်မြေနု လွင်ပြင်ဖြစ်ဖြင့် ထိုစဉ်က သာဂရတွင် နေထိုင်ခဲ့ကြသူများသည် စိုက်ပျိုးရေးလုပ်ငန်းကို လုပ်ကိုင်ခဲ့ကြမည်ဟု ယူဆနိုင်ပေသည်။
မြေအိုးများ၊ ရောင်စုံပုတီးများ၊ လှပသောရွှေထည်များကိုပြုလုပ်နိုင်ခဲ့ခြင်းကြောင့် သာဂရတွင် နေထိုင်ခဲ့ကြသူများသည် သင့်တင့်သော အနုပညာဗီဇနှင့် ယဉ်ကျေးမှု အဆင့်အတန်းရှိကြောင်း မြန်မာ့ရှေးဟောင်းမြို့တော်များစာအုပ်တွင်ဖော်ပြခဲ့သည်။
မြို့ပြငယ်တစ်ခုအဖြစ် တည်ထောင်ခဲ့သော သာဂရသည် ယဉ်ကျေးမှု အဆင့် အတန်အသင့်မြင့်မားခဲ့ကာ သင့်တင့်သော ဗိသုကာ လက်ရာများကိုလည်း မြို့ဟောင်းအတွင်း၌ တွေ့ရှိရသည်။ပျူ ယဉ်ကျေးမှုကာလနှောင်းပိုင်း သို့မဟုတ် ပုဂံခေတ်ဦးမှ ကုန်းဘောင်ခေတ် အထိ၊ အေဒီ ရှစ်ရာစုမှ ၁၈ ရာစုအတွင်း ရာစုနှစ် ၁၀ စုကြာတည်တံ့ခဲ့သည့် သာဂရမြို့ဟောင်း သည်အင်အား ကြီးမားခဲ့သော မြန်မာ ဘုရင်များ၏ လက်အောက်ခံ ၊ အခွန်တော်ဆက်ရသည့် မြို့ငယ်တစ်ခု ဖြစ်ခဲ့ကြောင်း ပညာရှင်များက သုံးသပ် ခဲ့ကြပေသည်။
သာဂရ ရှေးမြို့ဟောင်းမှ တူးဖော်တွေ့ရှိခဲ့သည့် ယဉ်ကျေးမှု အထောက်အထား ပစ္စည်းများကို ထားဝယ်မြို့ရှိ တနင်္သာရီ တိုင်းဒေသကြီး ယဉ်ကျေးမှုပြတိုက်တွင်ပြသထားသည်။တစ်ချိန်က မြို့ပြငယ်တစ်ခုအဖြစ် ထွန်းကားခဲ့သည့် သာဂရသည် ယနေ့ တိုင် အထောက်အထားများ ကြွင်းကျန်လျက်ရှိကာ တနင်္သာရီတိုင်းဒေသကြီး၏ ယဉ်ကျေးမှုနယ်မြေ အမွေအနှစ်တစ်ရပ် အဖြစ် တည်ရှိနေပေသည်။
ထို့ကြောင့် ရှေးဟောင်းသုတေသန ပညာသုတေသီများသည် ထားဝာ်ဒေသရှိ မုတ္ထီးနှင့် သာဂရမြို့ဟောင်းကို အထူးစိတ် ဝင်စားကာ သမိုင်းကြောင်းအစွန်းအစများကို ဖော်ထုတ်နိုင်ခဲ့ကြပေသည်။
.
_______________
မြို့အဝန်း -၇၄ဝ တာ
မြို့တံခါး -၄ပေါက်
လမ်း -၄ သွယ်
ရုံးတော်၊ ဈေးတော်၊ နန်းတော်၊ စေတီတော်၊ သိမ်တော်၊
ဇရပ်ကြီး
ကျုံးပတ်လည် - -
တောင်ဘက် ပဒတ်ချောင်း
မြောက်ဘက်ဆင်ပုန်းချောင်း
အရှေ့ဘက်ထားဝယ်မြစ်
တပ်စုအင်အား ၂သိန်းပြုမြို့
မင်းဆက်။ ၁၈ ဆက်
မြို့သက်။ ၁၈၁ နှစ်ကြာ
__________
.
ကိုးကား
- သာဂရမြို့ဟောင်း တူးဖော်မှု အစီရင်ခံစာများ
- ထားဝယ်ဒေသဆိုင်ရာ အချက်အလက်များ(ပြည်ထဲရေးဝန်ကြီးဌာန)
- မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဘတ်ရှုလေ့လာခြင်း(အောင်မြင့်)
- မြန်မာ့ရှေးဟောင်းမြို့တော်များ(ယဉ်ကျေးမှု ဝန်ကြီးဌာန)
- ထားဝယ်တိုင်းရင်းသားဓလေ့ထုံးတမ်း(နောန်အောင်မျိုး)
- မုတ္ထီးမြို့ဟောင်း ယဉ်ကျေးမှုအမွေအနှစ်များ လေ့လာချက်စာတမ်း(သော်ဇင်လတ်)
- သာဂရမြို့ဟောင်းကို တူးဖော်ခဲ့သူ ဒေါ်ငွေငွေစိုးနှင့် တွေ့ဆုံ မေးမြန်းချက်များ
Source: https://www.facebook.com/groups/776498859032179/permalink/8888074777874506/
ဂေါတမမြတ်စွာဘုရားရှင်သည် ဝါတော် ၁၁ ဝါအရတွင် ဒူရကတိုင်း(ယခုတနင်္သာရီတိုင်း)သို့ ကြွလာတော်မူခိုက် ဂဝံပတေ့ရဟန္တာ၏ လျှောက်ထားချက်အရ သုဝဏ္ဏဂီရိတောင်၌ နောင်လာနောက်သားများ ကိုးကွယ်ရန်အလို့ငှာ လက်ဝဲခြေတော်ရာကို ချထားတော်မူခဲ့သည်။ ယခု "နဘုလယ် ခြေတော်ရာ" ဟုတွင်သည်။ ထိုအချိန်တွင် စက္ကပါလကျွဲမင်းသည် မြတ်ဘုရားကို ကြည်ညိုစိတ်ဖြင့် ရှိခိုးပူဇော်ရာ ဘုရားရှင်က ညီတော်အာနန္ဒာအား - "ဤကျွဲမင်းသည် ငါ့အားပူဇော်ရသော အကျိုးအားကြောင့် နောင်တစ်ချိန်တွင် သာဂရ ဟူသောမြို့ကို သမန္တမင်းအဖြစ် အုပ်စိုး၍ ငါဘုရား၏သာသနာတော်ကို ပွင့်လင်းထွန်းကားစေလတ္တံ့" -ဟု ဗျာဒိတ်စကား မိန့်ကြားတော်မူလေသည်။
သာဂရမြို့ကို ထားဝယ်ရာဇဝင်အရ ဘူမိဒေဝနဂရမြို့တည် ရာဇတပိုမင်း နှင့် စုမဒီဒေဝီတို့၏ သားတော် သမန္တရာဇာ က ကောဇာသက္ကရာဇ် ၁၁၃ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ "သာဂရမြို့တည်-ဥဩစည်" ဟု အမှတ်အသားရှိကြသည်။ (ဥ ဩ စည် - ၁ ၁ ၃)
(သမန္တရာဇာ၏မိဖုရားမှာ စန္ဒာဒေဝီဖြစ်၍ သားသမီးမထွန်းကားခဲ့ပါ။ ထားဝယ်ရာဇဝင် ငါးခုံးမမှမွေးသည့် ရှင်ဇော၊ ရှင်ဇံ မောင်နှမမှ မောင်ဖြစ်သူရှင်ဇံကို ဂေါဝိန္ဒရသေ့ထံမှတောင်း၍ သမန္တရာဇာကမွေးစားခဲ့သည်။ သမန္တမင်းနတ်ရွာလားသော် သာဂရမြို့ကို မွေးစားသားတော်ရှင်ဇံက အရိုက်အရာဆက်ခံခဲ့သည်။)
(ထားဝယ်ရိုးရာယဉ်ကျေးမှုအဖွဲ့)