ထားဝယ်ဘုရင်မ တည်တဲ့ မြို့
ထားဝယ်တို့သမိုင်းမှာ ဒူရကတိုင်း / ရေးမြို့ဆိုတဲ့ မြို့ဟောင်း တစ်ခု ရှိခဲ့ပါ တယ်။ ဒီမြို့က ထားဝယ်မင်းသမီး တည်တဲ့မြို့တစ်မြို့ ဖြစ်ပါတယ်။ မြို့တည်ပြီး နန်းတက်အုပ်ချုပ်တော့ ဘုရင်မ ဖြစ်သွားတယ်ပေါ့။
ရေးမြို့ဆိုတာ ထားဝယ်နဲ့အနီးဆုံးမြို့ ဖြစ်ပါတယ်။ အဆက် အသွယ်လည်း ရှိတယ်။ ရေးမြို့အကြောင်း ပြောမယ် ဆိုတော့ စာအုပ်အဟောင်းတွေ ပြန်ရှာ ကြည့်ရတယ်။ စာမျက်နှာ ၁၀၀၀ ကျော် ရှိတဲ့ မွန်ဆောင်းပါးပေါင်းချုပ် စာအုပ်ကြီးကို ကနဦးတွေ့ပါတယ်။ ဒီမွန်ဆောင်းပါး ပေါင်းချုပ်စာအုပ် စာမျက်နှာ ၅၃၈ မှာ ဆရာကိုအေးခက် (မော်လမြိုင်) ရေးသားတဲ့ မွန်ပြည်နယ် ၁၀ မြို့နယ်တွင် ဆဌမအကြိမ်တိုင်တိုင် ပြန်လည်တည်ဆောက်ရသောမြို့ ခေါင်းစဉ်နဲ့ ဆောင်းပါး ပါရှိတယ်။ ဆောင်းပါးရှင် ရေးထားတာက ကျွန်တော်ပြောမယ့် ထားဝယ်ဘုရင်မ တည်တယ်ဆိုတဲ့ ရေးမြို့အကြောင်း ဖြစ်ပါတယ်။ ဒီဆောင်းပါးက ဘယ် အချိန်ကတည်းက ရေးသားဖော်ပြခဲ့သ လဲ ဆိုတာကိုတော့ မတွေ့ရပါဘူး။
ကရင်ပြည်နယ်ကို ကော်သူလေး ပြည်နယ်လို့ ရေးသားထားတာတော့ တွေ့ရတယ်။ ဒါကိုထောက်တော့ အတော်ကြာခဲ့ပြီ ဖြစ်တဲ့ ဆောင်းပါး တစ်ပုဒ်ဆိုတာ သိသာပါတယ်။ ဆရာကိုအေးခက်ရဲ့ ရေးသားချက်အရ ရေးမြို့ကို ၆ ကြိမ် တည်ခဲ့တယ်လို့ ဖော်ပြထားတယ်။
ပထမအကြိမ် ရေးမြို့ကို ကောဇာ သက္ကရာဇ် ၉၄ခု တပေါင်းလဆုတ် ၂ ရက်၊ သောကြာနေ့နံနက် ၁ နာရီ အချိန်၊ နက္ခတ် ၁၁ လုံး အပါ (ခရစ်နှစ် ၇၃၂ခု) တွင် ထားဝယ်ခရိုင် လောင်းလုံးမြို့နယ်ရှိ စဒီရွာတွင် စိုးစံသော မာယာဒေဝီ မင်းသမီးက အခု ရေးမြို့ကို အုတ်မြစ်ချ တည်တယ်။ မြို့ကိုလည်း အဝိဇ္ဇဗေဖယျပူရလို့ သမုတ်တယ်။ ဒီမင်းသမီးက ၃၅ နှစ် အုပ်စိုးပြီး တိက္ခ မင်းကြီး (အမတ်ကြီး တိက္ခပင်ဘရီ) က ၁၅ နှစ် အုပ်ချုပ်တယ်။ ဒီနောက်မှာ အမျိုးအမည် မထင်ရှားတဲ့ အမတ် တစ်ဦး အုပ်ချုပ်နေချိန် ရေးမြို့ ပျက်စီး သွားတယ်။ ဘာကြောင့် ပျက်သွားရ တယ် ဆိုတာကိုတော့ ဖော်ပြထားခြင်း မရှိဘူး။ မတွေ့ရပါဘူး။
ဒုတိယအကြိမ်အဖြစ် ကောဇာသက္ကရာဇ် ၈၀၀ ခု ( AD- ၁၄၃၈)မှာ ဟံသာဝတီက ဓမ္မစေတီ စစ်သူကြီးဟာ ထားဝယ်၊ မြိတ်၊ တနင်္သာရီကို ချီတက်တဲ့အခါ ရေးမြို့ ဟောင်းကို တွေ့ပြီး ရာဇသီဟဇေယျပူရ မြို့လို့ သမုတ်ပြီး မြို့သစ် ပြန်တည် ပြန်ပါတယ်။ မြို့သက်တမ်း ၁၂၉ နှစ် အကြာ ကောဇာ သက္ကရာဇ် ၉၂၉ ခုနှစ် မှာ ပျက်စီးပြန်တယ်။ ဒီမြို့ ကောင်းစား စဉ်က ကလော့ရွာ၊ ကော့လှိုင်ရွာ၊ ဝါပေါင် ရွာ၊ မင်းကွန်းရွာ၊ ခေါဇာရွာ၊ ဘီလခတ် ရွာ၊ တောင်ဘုံရွာ၊ သောင်ပြင်ရွာ၊ အံဒင် ရွာ၊ သင်္ကန်းကျွန်းရွာ၊ ယင်းဒိန်ရွာနဲ့ လမိုင်းရွာတွေက လက်အောက်ခံရွာတွေ ဖြစ်တယ်လို့ အဆိုရှိခဲ့တယ်။
တတိယအကြိမ်အဖြစ် ကောဇာ သက္ကရာဇ် ၁၁၂၆ ခု (AD- ၁၇၆၄) ကုန်းဘောင်ခေတ် ဆင်ဖြူရှင်မင်း လက်ထက် ထားဝယ်ကြောင်းချီ မဟာနော်ရထာက ရေးမြို့ဟောင်းကို တွေ့ပြီး ကြားစခန်းအဖြစ် မြို့ကို တစ်ခါပြန် တည်တယ်။ မြို့သက်တမ်း ၁ဝနှစ် ကြာပြီး ကောဇာသက္ကရာဇ် ၁၁၃၆ ခုမှာ မြို့ပျက် ပြန်ပါတယ်။
စတုတ္ထအကြိမ်အဖြစ် ကုန်းဘောင်ခေတ် စဉ့်ကူးမင်း လက်ထက် ကောဇာ သက္ကရာဇ် ၁၁၃၉ခု ( AD- ၁၇၇၇ ) တည်ပြန်တယ်။ ဒီမြို့ကလည်း ထပ်ပျက် ပြန်လို့ ဘိုးတော်ဘုရား လက်ထက် ကောဇာသက္ကရာဇ် ၁၁၅၄ခု (AD- ၁၇၉၂) မှာ ပဥ္စမအကြိမ် တည်ပြန်တယ်။
.
မွန်ဘုရင်တွေ နေထိုင်ခဲ့တဲ့ ရှေးဟောင်းမြို့ (သို့) ရေးမြို့
.
ဒီနောက်မှာတော့ အင်္ဂလိပ်-မြန်မာ ပထမ စစ်ပွဲ ဖြစ်ပြီး AD- ၁၈၂၆ ခု ရန္တပိုစာချုပ် အရ အင်္ဂလိပ်လက်အောက် ရောက် သွားခဲ့တယ်။ ခရစ်နှစ် ၁၉၆၉ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်မှာ မီးဘေးကြောင့် ရေးမြို့တစ်မြို့လုံး လောင်သွားပါတယ်။ ၁၉၇၂ ခုနှစ် ဇန်နဝါရီလ(၂) ရက်နေ့ ညနေ ၄ နာရီ ၃၀ မိနစ်မှာ သေနတ်ပစ် ဖောက်ပြီး ရှေးထုံးတမ်းစဉ်လာအရ မြို့ပတ်လည် (၉)နေရာမှာ နမိတ် ကျောက်တိုင် စိုက်ထူပြီး ဆဌမအကြိမ် အဖြစ် မြို့ကို ပြန်လည် တည်ထောင်ခဲ့ တယ်။ ဒီရေးမြို့က အခုချိန်တိုင် စည်ကားတိုးတက်နေတယ်လို့ တွေ့ရ တယ်။
ရေးမြို့ရဲ့ မူလတည် မာယာဒေဝီ မင်းသမီး သမုတ်ခဲ့တဲ့ အမည်က အဝိဇ္ဇာဇေယျပူရမြို့လို့လည်း ဆက် လက် ဖော်ပြထားပါတယ်။
မွန်ဆောင်းပါး ပေါင်းချုပ် စာမျက်နှာ ၅၄၈ ရှိ ဆရာ ဦးမြင့်ဆွေ (ဇင်းကျိုက်) ရဲ့ မွန်ပြည်နယ်တောင်ဘက်စွန်းက လွမ်းအောင်ဖန် ဆောင်းပါးမှာလည်း ရေးမြို့ကို ထားဝယ် အဆက်အနွယ်ဝင် မာယာဒေဝီ အမည်ရှိ မင်းသမီးတစ်ပါး က အဝိဇ္ဇာဇေယျပူရ အမည်နဲ့ စတင် တည်ထောင်တယ်။ မြို့ကို ဆေးစီရင် တည်ဆောက်ခဲ့လို့ ဘေး အန္တရာယ် အပေါင်းကို အောင်နိုင်ရာမြို့အဖြစ် ကျော်ကြားတယ်။ ကျားက သမင်ကို လိုက်ရာ ဒီမြို့ရောက်ရင် သမင်က ကျားကို ပြန်လိုက်လို့ အောချရတဲ့မြို့လို့ ဆိုပါတယ်။ ဒီနေ့ တိုင်အောင် ရေးတစ်နယ်လုံး မြွေ ကင်း မရှိသလောက် နည်းပြီး ဒီအန္တရာယ်ကနေ မရှိသလောက် နည်းတယ်လို့ ဆိုပါတယ်။
ရေးဆိုတဲ့ စကားလုံးက မွန်ဘာသာ ရေစ်က လာတယ်။ ရေးမြို့ ဝေါဟာရနဲ့ ပတ်သက်ပြီး မူကွဲ ၂ မျိုး ရှိတယ်။
(၁)မျိုးက မွန်ဘာသာ (ဇရ)၊ မြန်မာလို ရာဝင်အိုး၊ စရည်းအိုးလို့ အဓိပ္ပါယ် ရတယ်။ ရေးမြို့ကို လက်မွန်မဆွ တည် ထောင်စဉ်က မြို့ရိုးတံခါးပေါက်တွေမှာ မီးနေသည် အမျိုးသမီးတွေကို ရာဝင်အိုး ကြီးတွေထဲ ထည့်ပြီး စတေးခဲ့တယ်လို့ ဆိုတယ်။ ဖြစ်ချင်တော့ ဆရာဦးမြင့်ဆွေ ရဲ့ ဆောင်းပါး စာမျက်နှာတွေက ပျက်နေ ခဲ့တယ်။ ဒါကြောင့် ဒုတိယ မူကွဲ ကို မတွေ့ရဘူး။ သိရှိသူများက ဖြည့်စွက် စေချင်ပါတယ်။
မူကွဲ ဘယ်နှမျိုးလာလာ ကျွန်တော်က တော့ ဒီနေရာမှာ ပြောရတော့မယ့် အနေအထား ရောက်လာပါတယ်။ ရေးမြို့နဲ့ ပက်သက်လို့ ဒီမြို့ကို ရာဇဝင်လာအရ ခြောက်ကြိမ်တိုင်တိုင် တည်ခဲ့ပါတယ်။ ခြောက်ကြိမ်စလုံးက မြို့အမည်တွေမှာ ရေးမြို့ ဆိုပြီး တစ်လုံး မှ မပါပါဘူး မြို့နာမည်တွေကို ပါဠိနာ မည်တွေချည်း ပေးသွားခဲ့ပါတယ်။
ဒီဆောင်းပါး(၂)ပုဒ်မှာ ပထမဆောင်းပါးကတော့ အတိ အကျ ညွှန်းပါတယ်။ အခု ရေးမြို့လို့ ခေါ်နေတဲ့ မြို့ကို ကောဇာ သက္ကရာဇ် ၉၄ခု တပေါင်းလဆုပ် (၂)ရက်၊ သောကြာနေ့ နံနက် (၁)နာရီ အချိန်၊ နက္ခတ်(၁၁)လုံး အပါ (ခရစ်နှစ် ၇၃၂ခု)တွင် ထားဝယ် ခရိုင် လောင်းလုံး မြို့နယ်ရှိ စဒီရွာ တွင် စိုးစံသော မာယာဒေဝီမင်းသမီးက အခု ရေးမြို့ကို အုတ်မြစ်ချတည်တယ်။ မြို့ကိုလည်း အဝိဇ္ဇဇေယျ ပူရလို့ သမုတ် တယ်။ ဒီမင်းသမီးက (၃၅)နှစ်အုပ်ချုပ် တယ်။ ဒုတိယ ဆောင်းပါးမှာလည်း ရေးမြို့ကို ထားဝယ်အဆက် အနွယ်ဝင် မာယာဒေဝီအမည်ရှိ မင်းသမီး တစ်ပါး က အဝိဇ္ဇာဇေယျပူရ အမည်နဲ့ စတင် တည်ထောင်တယ်လို့ ဆိုပါတယ်။
ဆောင်းပါးရှင်(၂)ဦးရဲ့ သမိုင်း အချက်အလက်တွေက ဘယ်က ရတယ်။ ဘယ်လိုမှတ်တမ်းရှိတယ်ဆိုတာ မသိပါ ဘူး။ ဒီဆောင်းပါး(၂)ခုအရ ရေးမြို့ကို ထားဝယ်မင်းသမီးတည်တယ်ဆိုတာ ရာဇဝင်အချင်းချင်းတိုက်ညှိ စစ်ဆေး ပြီးတဲ့အခါ ကျိန်းသေလို့ ပြောနိုင်လာ တယ်။
ကောဇာ သက္ကရာဇ် ၉၄ ခုလို့ တွေ့ရတဲ့ အတွက် AD- ၇၃၂ ဖြစ်ပါတယ်။ ဆရာကြီး ထားဝယ်ကျော်မင်းရဲ့ ထားဝယ်ယဉ်ကျေးမှုအမြုတေစာအုပ် စာမျက်နှာ ၈ မှာ ကောဇာ သက္ကရာဇ် ၉၄ ခု (ခုနှစ်တူ) မှာ အောင်ယာဝတီမြို့ကနေ ရန္တပိုမင်းဟာ ဘုမ္မိဒေဝနာဂရမြို့သစ် တည်ပြီး ရွေ့ပြောင်း စိုးစံတယ်။ ဘုမ္မိဒေဝနာဂရဆိုတာ အခု မောင်မယ် ရှောင်လို့ ဖော်ပြထားတယ်။ ဒီသက္ကရာဇ် အရဆိုရင် သာဂရမြို့တည်နှစ် ခရစ်နှစ် ရ၅၁ ခု (ကောဇာသက္ကရာဇ် ၁၁၃ခု)ထက် စောနေပါတယ်။
.
ထားဝယ်ရာဇဝင်
ထားဝယ်မှတ်တမ်းအချို့အရ ဝေဒီကို AD ၇၅၄ ( ကောဇာသက္ကရာဇ် ၁၁၆ခု)လို့ တွေ့ရလို့ နီးစပ်တာ တွေ့ရတယ်။ ထားဝယ်ရာဇဝင်တွေကို တိုက်ဆိုင် စီစစ် ကြည့်တဲ့အခါ ဝေဒီမြို့ဟာ သာဂရထက် မြို့တည်တာ စောနေကြောင်း သိရပါ တယ်။ သာဂရကို ဖော်ပြရာမှာ သာဂရက စောတည်ဟန်နဲ့ ဖော်ပြထားပါတယ်။ သို့သော် ဝေဒီသမိုင်း တစ်ခုတည်းကို ကြည့်ပြီး ဝေဒီ နန်းတည်နှစ်ကို အတည် ပြု၍ မရပေ။ ထောင့်ကွယ် ဝေဒီ သာဂရ ရေး ဒီမြို့ဟောင်းလေးခုရဲ့ ရာဇဝင် ကြောင်းတွေကို အပြန်ပြန် အလှန် တိုက်ဆိုင်စီစစ်ပြီး ဆုံးဖြတ်ရပါတယ်။
သာမန် ရာဇဝင်အလိုအားဖြင့် သာဂရက ဝေဒီထက် ၃ နှစ် စောပြီး နန်းတည်တယ် ဆိုထားပေမယ့် ထောင့်ကွယ်မြို့ရာဇဝင် ဝေဒီရာဇဝင်တို့နဲ့ ပြန်ကြည့်တဲ့အခါမှာ ခေတ်ပြိုင်အားဖြင့် ရေး ရာဇဝင်ကိုပါ တိုက်စစ်ကြည့်တဲ့အခါ ဒီမြို့ဟောင်း လေးခုမှာ ဝေဒီက စောတည်တယ် ဆိုတဲ့အကြောင်း ဘယ်ရွှေ့ ဘယ်ကာလ ကတည်းကတည်၍ မင်းဆက် ဘယ်လောက်ရှိတယ် ဆိုတာတွေကို သမိုင်းကွင်းဆက် ပြတ်နေပါတယ်။ ထားဦးစို့။
ဆရာဦးအေးကို ဆောင်းပါးအရ ရေးမြို့ကို ပထမဆုံး တည်ထောင်သူက ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် စဒီရွာတွင် စိုးစံသော မာယာဒေဝီ မင်းသမီးလို့ ဆိုတယ်။ ဆရာဦးမြင့်ဆွေ ကလည်း ထားဝယ် အဆက်အနွယ်ဝင် မာယာဒေဝီလို့ ဆိုတယ်။ စဒီဆိုတဲ့ ရွာကို ထားဝယ်မှာ ရှာကြည့်လို့ မတွေ့နိုင်ပါဘူး ။ လောင်းလုံးထဲမှာလည်း မတွေ့ရပါ။ စဒီနဲ့ အနီးစပ်ဆုံးက ဝေဒီ ပဲ ရှိတယ်။
ဝေဒီကို ဆရာကြီးထားဝယ်ကျော် မင်း အလိုအရ ကောဇာသက္ကရာဇ် ( ၅၉၀)ခု-ခရစ်နှစ် (၁၂၂၈ ခု) လို့ ဆိုတယ်။ ဆရာကြီး ရွှေဝယ်ဧက ကောဇာသက္ကရာဇ် ( ၇၉၂) ခု- ခရစ်နှစ် (၁၄၃၀)ခုလို့ ဆိုတယ်။ ထားဝယ် ဇာတ်လမ်းတစ်ပုဒ်ကို ဆရာကြီး ရွှေဝယ်ဧရဲ့ ထားဝယ် ရာဇဝင်သမိုင်း စာအုပ်မှာ တွေ့ရတယ်။ ဝေဒီ ဘုရင် စောသီလမင်း၊ သက်တော်စောင့် မောင်ဗအဲနဲ့ ဇနီး မယ်စော (စောပညာ လည်းခေါ်)တို့ ဖြစ်တယ်။ စောသီလ မင်းက မယ်စောကို လိုချင်လို့ ယောက်ျား ဖြစ်တဲ့ မောင်ဗအဲကို သတ်တယ်။ ဒီတော့ မယ်စောက လှေကြုံစီးပြီး ထွက်ပြေး တယ်။ စိန့်ပြည် ရောက်တယ်။ စိန့်ပြည် မှာလည်း မင်းမရှိလို့ မယ်စောကို ဘုရင်မအဖြစ် တင်မြောက်တယ်။ စိန့်ပြည်ဆိုတာ စိန်(ယူနန်ပြည်)လို့ ပညာရှင်တွေက သတ်မှတ်တယ်။ ဒီမယ်စောကဘဲ မုတ္တသုခနာဂရမြို့ကို တည်တဲ့ မင်းတရားရဲ့ ရောဂါပျောက် ကင်းအောင် ကုသပေးတာလည်း နောက်ဆက်တွဲ တွေ့ရပါတယ်။ ပြီးတော့ မင်းတရားနဲ့ လက်ထပ်ပြီး စိန့်ပြည်ကို ထွက်သွားတယ်လို့ ဆရာကြီး ရွှေဝယ်ဧ က ဆိုပါတယ်။
ဇာတ်လမ်းက ရှည်နေလို့ နိဂုံးချုပ် ရရင် ရေးမြို့ကို ထားဝယ် မင်းသမီးတည် တယ်။ ခုနှစ်တွေက ရှုပ်နေလို့ ခဏ ဘေးဖယ်ထားလိုက်ပါ။ နောက်မှ ဆက် စဉ်းစားပါမယ်။ ထားဝယ်မှတ်တမ်းတွေကလည်း ထားဝယ်သူတစ်ဦး ထားဝယ်ကနေ ထွက်ခွာသွားတယ်လို့ ဆိုတယ်။ စိန်ပြည် (ယူနန်)ကို လှေနဲ့သွားလို့ မရပါဘူး။ ရေးကို လှေနဲ့ အလွယ် သွားလို့ ရပါ တယ်။
ဒီနှစ်ခုဟာ ဆောင်းပါကလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရေးမြို့ စာတမ်း ဖတ်ပွဲ ပြုလုပ်ရာမှာ ဖတ်ကြားသွားတဲ့ စာတမ်းနဲ့ အခြားအချက်တွေကို ဆက်တင်ပြပေးပါမယ်။
ဒီနေရာမှာ တစ်ခုကြားဖြတ် မှတ်သားထားစေလိုတာက ယေးမြို့ကို ထားဝယ်မင်းသမီး တည်တယ် ဆိုတာကို မှတ်တမ်းတင်ရေးတဲ့ သူက စစ်ကဲတော် မင်းဦးရွှေနော် ဖြစ်ပါတယ်။ မဒမရာဇဝင်ချုပ်မှာလည်း ဖတ်မိသလို လို ရှိလို့ပါတယ်လို့ ထားကြပါဦးစို့။ မဒမရာဇဝင်ချုပ်မှာ ပါတာ မပါတာက အဓိကမဟုတ်ပါ။ မူလရေးသူက စစ်ကဲတော်မင်း ဦးရွှေနော် ရေးသား မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ဒါကို မှတ်ထားပေးစေလိုပါတယ်။
တနင်္ဂနွေမင်းလက်ထက်တွင် ဟံသာဝတီ ဒဂုံ သန်လျင် မုတ္တမ ရေး ထားဝယ်မှစ၍ နိုင်ငံတော် အဝေးမြို့ရွာများမှ ထင်ရှား သော တန်ခိုးကြီးဘုရားများကို တစ်နှစ်လျင် တကြိမ်
သီတင်းကျွတ်လ အရောက်တွင် ပရိက္ခရာ အစုံနှင့် ရွှေထီး တံခွန် တန်ဆောင်း စသော အလှူတော်များကုုိ မှူးမတ် မြင်းသည်တို့ ကြတ်မတ်တင် လှူကြောင်း ဆိုသည်။
(ဦးသန်းထွဋ် ၂၀၁၅ ။ ၅)
ရေးမြို့ထဲကပေစာ စာတမ်းတွင် စစ်ကဲတော်မင်း ဦးရွှေနော် ရေးသား ထားသောစာကို စီစစ်ခြင်းမရှိပါပဲ ထိုအတိုင်းပင်လျင် သံယောင်လိုက်၍ ထပ်ဆင့် ရေးသားထားသောစာကို ထပ်မံကိုးကားထားတာကို တွေ့ရပါ တယ်။ စစ်ကဲတော်မင်းဦးရွှေနော် မှားယွင်းရေးသားခဲ့လေသလော နောက်လူတို့ စာကူးမှားလေသလော မပြောတတ်ပေ။ မှားသည်ဆို သော် လည်း အကြီးအကျယ် မှားယွင်းသည် မဟုတ်ပါ။ မြို့အမည် ဝေဒီ နှင့် ဒေဝီ ဟု မှားယွင်း ဖော်ပြခြင်းသာ ဖြစ်သည်။ စာစီစာရိုက် စာကူးသမား တစ်ဦးဦးမှ စတင်၍ အမှုမဲ့ အမှတ်မဲ့ မှားခဲ့သည် ဖြစ်မည်ဟု ယူဆပါသည်။ ထားဝယ် မြို့ဟောင်းအမည် မှားယွင်းခြင်းသာ ဖြစ်ပါတယ်။ ကျန်အချက်အလက်များမှာ ထားဝယ်ရာဇဝင်နှင့် ကိုက်ညီပါတယ်။
"ထားဝယ်ရှိ လောင်းလုံဒေသ ဒေဝီမြို့ကို ထီးနန်းပြု အုပ် ချုပ်ခဲ့သော ဓမ္မဒိန္နာမဟာ ရာဇာမင်းနှင့် မိဖုရား ပဒုမ္မာခေမာဒေဝီ တို့တွင် မာရဒေဝီ မည်သော သမီးတော် တစ်ပါး ရှိသည်" ဟု ဖော်ပြထားသည့် အချက်မှာလည်း မှားယွင်းလျက် ရှိပါ တယ်။ အမှန်မှာ ဝေဒီမင်းကြီးတွင် သမီးတော် သုံးပါး ရှိပါတယ်။
"မင်းနှင့် မိဖုရား နတ်ရွာလားပြီးနောက် သမီးတော် မာရဒေဝီ နန်းတက်သည်။ ထိုမှ တဖန် နန်းမြို့သစ်တည် ရန်အတွက် မြောက်ဘက်အရပ် ဖြစ်သော နောင် ရေးမြို့တွင်မည့်နေရာကို စစ်အင်္ဂါ လေးပါးနှင့်တကွ မှူးမတ် သေနာပတိ ရဟန်းရှင်လူ ပြည်သူတို့နှင့် အတူ ပြောင်း ရွှေ့ခဲ့သည်။
ကောဇာသက္ကရာဇ် ၉၄ ခုနှစ် တပေါင်းလဆုတ် (၂) ရက်
သောကြာနေ့ နံနက် (၁) နာရီအချိန်တွင် မြို့သစ်ကို အုတ် မြစ်ချခဲ့သည်။ သက္ကရာဇ် ၉၅ ခုနှစ် ဝါခေါင်လတွင် မြို့သစ်ကို အဝိဇ္ဇာဇေယျပူရ ဟု သမုတ် ခဲ့သည်။ မာရဒေဝီဘုရင်မသည် ၃၅ နှစ်ကြာ နန်းစံခဲ့သည်။
ထားဝယ်ဘက်ရာဇဝင်နှင့် မွန်တို့ ရေးသော ရာဇဝင်နှစ်ရပ် မှာ ဒီအချက်အတွက် ဆက်စပ် ကိုက်ညီမှု ရှိနေသည်ကို တွေ့ရသည်။ AD-732 (😎 တွင် မာရဒေဝီ ထွက်ခွာလာသည်။ AD- 733(😎 တွင် ရေးမြို့ တည်သည်။
ရာဇဝင်လာ စကားများနှင့် ပြည်ပခေတ်ပြိုင်ဖြစ်သော ဒွါယဝတီ သမိုင်း တဆက်တစပ်တည်း ဖြစ်နေသည် ကို တွေ့ရပါလိမ့်မည်။ AD-8 သည် သာဂရတည်တဲ့ နှစ် ဖြစ်သည်။ ဒွါယဝတီ သာဂရ ရေး တို့သည် ခေတ်ပြိုင်ဖြစ် သည်။
ဝေဒီမင်းသမီးက ဘယ်နည်း ဘယ်ပုံ ကြောင့် လူတွေပါ တပါတည်း ခေါ်လာ ပြီး မြို့သစ်တည်သည့် အကြောင်းကို မသိရ။ ထားဝယ်ရာဇဝင်တွင်လည်း လှေဖြင့် စိန့်ပြည်ကို ထွက်သွားသည် ဟုသာ ရှိသည်။ ထိုမျှနှင့် ရပ်သွားသည် ဆက်လက် ဖော်ပြခြင်း မရှိတော့ပေ။ တရုတ်ကိုလှေဖြင့် ထွက်သွားသည် ဆိုတာ ထိုခေတ် ထိုအခါက ဆိုလျှင် ယုတ္တိ မတန်ပေ။ ရေးကိုတော့ဖြင့် ရေလမ်းဖြင့် အလွယ်သွားနိုင်ပေသည်။ ရာဇဝင်နှစ်ရပ်သည် ထားဝယ်သမိုင်း အတွက် ကွင်းဆက်တစ်ခု ဖြစ်လာပါ သည်။
သမီးတော်သုံးပါးရှိရာ တစ်ဦးက မှိုင်းကာရီရှင်မ ဖြစ်လာသည်။ နောက် တစ်ဦးမှာ ဝေဒီရှင်မ ဖြစ်လာသည်။ ထွက်သွားသည့် တစ်ယောက်က ရေးမြို့ ဘုရင်မ မာရဒေဝီ ဖြစ်လာခဲ့သည်။ ဘုရင်မ ဆိုသော်ငြားလည်း မြို့ငယ်လေး များ၏ ဘုရင်မများသာ ဖြစ်ရာ ကြီးကျယ်ခမ်းနားတဲ့ ဘုရင်မဟု မဆိုနိုင်။ မှိုင်းကာရီ (ပက္ကာရီ မြို့ဟောင်း) ပျက်ပြီး သာဂရဘက် နန်းလာတည်သည် ဆိုသော်လည်း မှိုင်းကာရီတွင် ရွာကြီး တစ်ရွာလောက် ကျန်နေခဲ့၍သာ အရှင်သခင်မ ဖြစ်နိုင်သည်။ လူများ အားလုံး ပြောင်းရွေ့လာသည်မဟုတ် ဆို တာ ပေါ်လွင်ပါသည်။ မှိုင်းကာရီနှင့် သာဂရ ဝေဒီ တို့သည် မိုင်အားဖြင့် ပျမ်းမျှ မိုင် ၂၀ နီးပါး လောက်ကွာသည်။ အားလုံး ပြောင်းကြခြင်းမဟုတ်ပါဘဲ ရွာစားမြို့စား ချန်ထားကာ ပြောင်းရွေ့ ကြခြင်း ဖြစ်သည်ကို သိနိုင်ပေသည်။
ရေးမြို့သည် ထားဝယ်မင်းသမီး တည်သည်။ ရဟန်း ရှင်လူ မူးမတ် သေနာပတိ ပြည်သူတွေပါ ခေါ်လာပြီး တည်သည်ဟု ဆိုထားရာ ထိုအချိန်တွင် ရေးမြို့နေရာတွင် ဘယ်သူမှမရှိတဲ့ နေရာ အချက်အချာနေရာဖြစ်လို့ အဲဒီနေရာကို ရွေးတယ်ဆိုတာ သိနိုင်သည်။ မူလ နေထိုင်သူများ မရှိသေးသဖြင့်သာ နန်းမြို့ တည်ခွင့်ရ မည် ဖြစ်သည်။ အသားလွတ်ကြီး ခပ်တည်တည်ဖြင့် သူတပါးနေရာသွား၍ နန်းတည်မင်းလုပ်တာမျိုးကတော့ ဘယ်လိုမှ မဖြစ်နိုင်သလို ဒေသခံတွေက လူမျိုးခြားကို ဘုရင်မတင်မြောက်မယ် ဆိုတာမျိုးကို ပြောဖို့ တော်ရုံ စိတ်လွတ် နေတာလောက်နဲ့ပင် လုံလောက်မယ် မထင်ပါ။ လက်ခတက ဒွါယဝတီက ထွက်ပြေးလာသော တလိုင်းတို့သည် မာရဒေဝီ လက်အောက်တွင် ဝင်ရောက် ခုံလှုံကြဖို့ရာသာ ရှိသည်။ ထိုမှ တဆင့် ဘုရင်မ နန်းစံ ၃၅ နှစ် ဖြစ်သဖြင့် AD-9 ရာစုဦး ရောက်လာချိန် တလိုင်းတွေ များလာပြီး နန်းတွင်းရေးရာထိ စွက်ဖက် နိုင်လာလေမည်လား သို့မဟုတ် မင်းသမီး သည် ဆက်ခံမည့် ထားဝယ် တစ်ဦးဦးကို နန်းမတင်ဘူးလား မေးစရာ ဖြစ်လာ တော့သည်။ ရာဇဝင်လာအရ တလိုင်း အမတ်ကြီးက နန်းဆက်ခံသည် ဆိုထား သောကြောင့် ဖြစ်သည်။ သို့တည်း မဟုတ် တလိုင်းများ အင်အားကောင်း လာသဖြင့် လုပ်ကြံသတ်ဖြတ် နန်းလုခြင်း လားဆိုတာ စဉ်းစားနိုင်စရာ ရှိပါသည်။
သေချာသည်ကား ရေးမြို့ ဟူသည် ထားဝယ်မင်းသမီး တည်သော မွန်မြို့ မဟုတ်။ ထားဝယ်မြို့ဟောင်းတစ်ခုသာ ဖြစ်သည်မှာ ခိုင်မာပါတယ်။
နောက်မူကွဲတစ်ခုမှာ ရေးမြို့သည် လွန်ခဲ့သော နှစ်ပေါင်း ၁၂ဝဝခန့်က ထားဝယ်ဘက်မှ မင်းသမီးတစ်ပါးမှ တည်ထားခဲ့ ကြောင်း၊ ထို့အပြင် ဓမ္မစေတီမင်းမှ လည်း ပြန်လည် ပြုပြင်ခဲ့သော ရှေးဟောင်း မွန်မြို့တော်အဖြစ် ယုံကြည်ကြသည်။
မွန် ရှေးဟောင်း ပေစာများကလည်း ထိုအတိုင်း ဖော်ပြထားသည်။ ထို့အပြင် ရှေးဟောင်း မြို့ရိုးများကလည်း သက်သေခံနေပြီး ရှေးဟောင်း ကျုံးတော်ကြီးကလည်း အထင်အရှား ရှိနေချေသည်။ ရှေးဟောင်းကျုံး တော်ကြီးမှာ တစ်မိုင်ခွဲ ပတ်လည်ခန့် ရှိသော ကန်အဖြစ်သာကျန်နေပြီး ကျုံး ဖြစ်ခဲ့ဟန်တူသောနေရာများမှ လူနေ ရပ်ကွက်များ ဖြစ်နေချေပြီ။ ယခုကျန်ရှိ နေသော ကျုံးတော်ကြီး၏ အစိတ် အပိုင်းကို ၂၀၁ဝ ခုနှစ် မေလအတွင်းတွင် ပြန်လည် တူးဖော် ပြင်ဆင်မွမ်းမံခဲ့ကြ ပါသည်။ နောက်ဆုံးတွေ့ရှိထားချက်အရ ရေးမြို့ဟောင်းဝန်းကျင်အနီးအနားတွင် တွေ့ရသော ရှေးဟောင်းပစ္စည်း များကို လေ့လာစစ်ဆေးကြည့်ရာ ပစ္စည်း၏ လက်ရာခြေရာဖန်တီးပုံမှာ ထားဝယ် သာဂရက လက်ရာတွေနဲ့ အတူတူဆိုတာ ကို စစ်ဆေးတွေ့ရှိရပြီး အခြား ပူးတွဲတွေ့ပစ္စည်းတွေဟာလည်း ပျူခေတ်သုံးတွေဖြစ်တာမို့ ရာဇဝင်လာ ပျူခေတ် ထားဝယ်မင်းသမီး တည်သော ကာလနှင့် တိုက်ရိုက်ကွက်တိ တူညီနေ တာကို တွေ့ရသဖြင့် ပျူခေတ် ထားဝယ်မင်းသမီး တည်တယ်ဆိုတာ ကို အတည်ပြုနိုင်ပါပြီ။
ရေးမြို့ကို မွန်ဘာသာဖြင့် “ဍုင်ရေဝ်” (မြန်မာအသံ ထွက် ဒုံရီ )ဟု ခေါ်ဆိုခဲ့ကြ သည်မှာ ယခုထက်တိုင်အောင်ပင် ဖြစ်ပါသည်။ မြန်မာဘာသာဖြင့် ပြန်ဆို သော် အနက်ကား “စကား မြို့" ဖြစ်ပါ သည်။ ရှေးယခင် မွန်ဘုရင် မြန်မာဘုရင် လက်ထက်တွင် နန်းတွင်းမှ စေလွှတ် လိုက်သော မင်းညီ မင်းသားများ၊ စစ်သူကြီးများ၊ ဝန်မင်း အမတ်မင်းများ နှင့် တနင်္သာရီနှင့်မွန် တောင်ပိုင်း လက်အောက်ခံဒေသမှ မြို့စား နယ်စား များအရာရှိများကို စုံညီစွာအစည်း အဝေး ပြုလုပ်ပြီး အမိန့်တော်များ ပြန်တမ်းများ ထုတ်ပြန်ကာ တိုင်းရေး ပြည်ရေး အရေးကြီးသောကိစ္စများ တိုင်ပင်ညှိနှိုင်း စကားပြောဆိုကြရာမြို့ ဖြစ်သောကြောင့် ထိုသို့ ခေါ်ဆို ခဲ့ကြဟန် ဖြစ်ပါသည်။
ရေးမြို့ဟူသည့် ဆိုရာတွင် အထက်က ဆိုခဲ့သည့်အတိုင်းပင် မြို့ခြောက်ကြိမ် တည်သည့်တိုင်အောင် ရေး ဟူသော စကား ဝေါဟာရ တကြိမ်မှ မပါပေ။ သို့သော် စစ်ကဲတော်မင်းက သူစာအုပ် တွင် ယေးမြို့ဟူပြီး မှတ်တမ်းတင် ဖော်ပြ ထားသည်။ မဒမ အရံမြို့ ၃၂ မြို့ထဲက တမြို့ဖြစ်တယ်ဆိုပြီး ပြပါတယ်။ ထိုရေး ဆိုသော ဝေါဟာရ ဘယ်က လာတာလဲ မေးစရာ ဖြစ်လာပါတယ်။
ပထမအင်္ဂလိပ်မြန်မာစစ်အထိအပြင် ရန္တပိုစာချုပ်အရ အင်္ဂလိပ်လက်ထက် ရောက်သည့် အချိန်ထိတိုင် ရေး မြို့ဟု မခေါ်သေးပေ။ ဦးရွှေနော် ဒီအခေါ်ကို ဘယ်က ရခဲ့ပါသလဲ မေးစရာ ဖြစ်လာပါ တယ်။
မြို့ခြောက်ခါ တည်တယ်။ တခါမှ ရေး ဆိုတဲ့ နာမည်မပါရှိ ဘဲ ဦးရွှေနော် မှတ်တမ်းတင်ရာမှာ ယေးမြို့ ဆိုပြီး မှတ် တမ်း တင်ထားပါတယ်။ နောက် ရေး ဆိုတာ မွန်စကား ဘာဘာညာညာကလာ တယ် ဆိုလာကြ လုပ်လာကြပြန်ပါ တယ်။ ဘယ် မွန်စကားမှ လာခြင်း မဟုတ် ယုတ္တိလည်း မရှိပေ။ မူလ ပါဠိ နာမည် မြို့အမည်တွေဖျောက်ပြီး နောက် ပိုင်း ကိုလိုနီခေတ်မှ ခေါ်လာသော အခေါ်အဝေါ် တစ်ခုသာ ဖြစ်ပါတယ်။ ဘာ စကားမြို့မှ မဟုတ်ပါ။ ဘယ်သူမှ လည်း စကားလာမပြောခဲ့ကြပါ။ ရေးဆိုတဲ့ အမည်ဟာ ကိုလိုနီခေတ်တွင်း မှ ပေါ်ပေါက်လာတဲ့ နာမည် တစ်ခုသာ ဖြစ်ပါကြောင်း တင်ပြလိုက်ပါရတယ်။ တညီတညွတ်တည်း တူညီသည့် အချက် ကား ထားဝယ်မင်းသမီးတည်သည် ဆိုသောအချက်သာ အခိုင်အမာ ဖြစ်ပါ သည်။ AD-5 တွင် ခေတ်ပြိုင်အားဖြင့် တရုတ်လျံမင်းဆက် မှတ်တမ်းတွင် ထားဝယ်ဆိုတဲ့အမည်ကို အထင်အရှား မှတ်တမ်းတင် ထားပြီးဖြစ်ပါသော ကြောင့် ရေးမြို့တည် တဲ့ကာလ AD-8 ဆိုချိန်မှာ ထားဝယ်မင်းသမီးလို့ တိတိကျကျသုံးစွဲတာလည်း ဖြစ်ပါ တယ်။ ပျူခေတ် ထားဝယ်မင်းသမီး တည်တဲ့မြို့ ဖြစ်တာမို့ ပျူယဉ်ကျေးမှု အသုံးအဆောင်ပစ္စည်း လက်ရာတွေကို ခေတ်ပြိုင် ဝေဒီ သာဂရ ဒွါယဝတီ တို့က လက်ရာတွေနဲ့ တိုက်ဆိုင်စီစစ်ကြည့်တာ ဖြစ်ကါတယ်။ ဒွါယာဝတီလက်ရာဟန် တခုမှ မပါရှိဘဲ သာဂရ(ထားဝယ်) ပျူခေတ် လက်ရာတွေနဲ့ ထပ်တူအပြင် အိုးပြုလုပ်ဖန်တီးတဲ့ လက်ရာသည်ပင် သာဂရပျူခေတ်ထားဝယ်တွေ ဖန်တီးတဲ့ ဒီဇိုင်းနည်းပညာ လက်ရာတွေ ဖြစ်ေ ကြောင်း ထပ်တူတွေ့ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ ရေးမြို့ဟောင်းဟာ AD-8 ပျူခေတ် ထားဝယ်မင်းသမီးတည်တဲ့ မြို့ဖြစ်တယ်ဆိုတာကို ရာဇဝင်ကြောင်း အရ တိုက်ဆိုင်စစ်ဆေးခြင်း အထောက် အထားများကို တိုက်ဆိုင်စစ် ဆေးခြင်း အပြင် သဘာဝယုတ္တိနည်းနဲ့ ယှဉ်ကြည့် ပြီး မလွဲ သေချာတဲ့အချက်ကိုအတည်ပြုချက် ထုတ်ရင် ရေးမြို့ဆိုတာ မွန်မြို့မဟုတ်ဘဲ
ထားဝယ်မင်းသမီး တည်ထားတဲ့ ထားဝယ်မြို့ဟောင်း တခုသာ ဖြစ်ကြောင်း တင်ပြအပ်ပါတယ်။
ရေးမြို့နှင့် ပက်သက်၍ ယနေ့ခေတ် အနေအထားကို သုတ အလိုငှာ ထည့်သွင်း ဖော်ပြပေးပါမည်။
ရှေးဟောင်းရေးမြို့သည် သာသနာတော် စည်ပင် ထွန်းကားခဲ့ပြီး ရေးမြို့သူ မြို့သားများသည် ဘာသာ တရား ကိုင်းရှိုင်း လေးစားခဲ့ကြဟန် ရှိပါ သည်။ စေတီဘုရား ကျောင်းကန်များကိုလည်း အမြောက်အများ တည်ထားခဲ့ ကြပါ သည်။
ထို့ကြောင့် ယနေ့ ရေးမြို့တွင် စေတီပုထိုးများစွာ တည်ရှိ နေပေသည်။ ၄င်းတို့အနက် သမိုင်းဝင် ဆံတော်ရှင်များ ဖြစ်သော ဉာဏ်တော် ၁၀၈ ပေ ရှိ ရွှေဆံတော်စေတီတော် နှင့် စကားတောင် စေတီတော် (မြို့လယ် တွင် တစ်ဆူနှင့် တစ်ဆူ ၂ဖာလုံ ခန့်ကွာသည်) မြို့ဝင် ဂိတ်အနီးရှိ မြို့တော် ဦး စေတီတော်၊ ထားဝယ် မော်လမြိုင် လမ်းခွဲရှိ တစ်ပလ္လင် နှစ်ဆူစေတီတော်၊ ကျုံးတော်ကြီး အတွင်းရှိ သာသနာ ၂၅ဝဝ ရေလည်ဘုရားစေတီ အောင်သုခရပ်ကွက်ရှိ ထန်းခြောက်ပင် စေတီတော်၊ လမိုင်းမြို့နယ်ခွဲမှ ကောလာသဆံတော်ရှင် နှင့် မြို့မှ ၆ မိုင်အကွာ မော်လမြိုင် သွားကားလမ်း (အတွင်းလမ်းတစ်မိုင်ခန့်တွင့်) နာမည်ကြီး မွန် ရဟန်းတော် ဦးဇင်းလေးဆရာတော် ပြုပြင်မွမ်းမံ သော ကျောက်ငှက်ပျောတောင် ဆံတော်ရှင် နှင့် ကျောချင်းကပ် ထိုင်တော်မူ ဉာဏ်တော် ၁၂၉ပေ ရှိသော ရုပ်ပွားတော်ကြီး လေးဆူ(ပဲခူး ကျိုက်ပွန် ဘုရားကြီးကဲ့သို့) တို့မှာ ထင်ရှား သည်။ ထို့အပြင် ရေးမြို့မှ တောင်ဘက် ၆မိုင်ခန့်အကွာ ဟံဂံရွာ အနီး ရှိ (၄င်းရွာမှ၃မိုင်ခန့်အကွာ) မင်းပလော့ တောင်ပေါ် (အမြင့် ပေ၃ဝဝဝခန့်)ရှိ ကျိုက်မင်းပလော့ ဆံတော် ရှင်စေတီ၊ အစင်ကျေးရွာ တောင်ပေါ်ရှိ ဖာလိန် တောင်စေတီ၊ ပင်လယ်ဝဘုရားတောင်ရှိ ပင်လယ်ဝစေတီ၊ ကောဒွပ်ပင်လယ်ဝစခန်းရှိ ရေလည်ဘုရား တို့မှာလည်း ထင်ရှားသည်။
ရေးမြို့တွင် ဗမာနှင့်မွန်လူမျိုးများ အများဆုံး နေထိုင်ကြပြီး အများစုမှာ ဗုဒ္ဒဘာသာဝင်များ ဖြစ်ကြသည်။ မူစလင် ၊ ခရစ်ယာန်နှင့် ဟိန္ဒူ ဘာသာဝင် အနည်းငယ်မျှသာ ရှိပါ သည်။ ရေးမြို့တွင် ရပ်ကွက်အားဖြင့် ၁ဝ ရပ်ကွက်ရှိပြီး ထင်ရှားပြီး လူစည်ကားရာ ရပ်ကွက်များများမှာ ရန်ကြီး အောင်ရပ်ကွက်၊ ရန်မျိုးအောင်ရပ်ကွက်နှင့် အောင်မင်္ဂလာ ရပ်ကွက် တို့ ဖြစ်သည်။
၁၉၆၉-ခုနှစ် ဒီဇင်ဘာလတွင် ရေးမြို့တစ်မြို့လုံး မီးလောင် ကျွမ်းမှုဖြစ်ပွားပြီး အားလုံးပြာပုံအတိဖြစ်ခဲ့ရသည်။ ထို့နောက် ၁၉၇၂ ခုနှစ်တွင် မြို့ကိုမူလအနေအထား အကျယ်အဝန်းထက် ၅ဆ ပိုတိုးချဲ့ခဲ့ပြီး စနစ်တကျပြန်လည် တည်ထောင်ခဲ့သည်။ ရေးမြို့သည် မြို့နယ်အဆင့် ရုံးစိုက် ရာမြို့ဖြစ်ပြီး တပ်မတော်မှလည်း စကခ (၁၉)မှ အခြေချ ထားပါသည်။ ရေးမြို့တွင် ရောင်းဝယ် ဖောက်ကားရာ နေရာအဖြစ် မြသီတာဈေးမှာ ထင်ရှားပါသည်။ ထို့အပြင် ယခင်ရွာကလေးဈေး (ယခုအောင်မင်္ဂလာရပ်ရှိ အောင်သီ တာဈေး)နှင့် ဖာလဇေတဝန်ဘုန်းတော်ကြီးကျောင်း အနီးတွင် ရှိသောကြောင့် ဖာလဈေးဟု ခေါ်သော ဗိုလ်ချုပ် ဈေးတို့မှာ ထင်ရှားသည် ။ ထို့အပြင် ရေးမြို့ရှိ ပုဂ္ဂလိက ရွှေလုပ်ငန်းရှင်များမှ စုပေါင်းတည်ထောင်ထားသော ဝင်းသုခ ရွှေဈေးကြီးသည်လည်း ထင်ရှားပါသည်။ ရေးမြို့ တွင် အစည်းအကားဆုံးနေရာမှာ မြို့လူထုမှ ကမ်းနားလမ်း ဟုခေါ်သော ဘုရင့်နောင်လမ်းမကြီး ဖြစ်ပါသည်။ ၄င်းလမ်း ၏ တစ်ဖက်တွင် ရေးမြစ် တည်ရှိပြီး ၄င်းလမ်းပေါ်တွင် မြသီတာဈေး ဝင်းသုခရွှေဈေး ဈေးဆိုင်ခန်းများ တည်ရှိပါ သည်။ ရေးမြို့တွင် လျှပ်စစ်မီးပေးမှုအားဖြင့် ပုဂ္ဂလိက လုပ်ငန်းရှင်ကြီးများမှ တာဝန်ယူထားပြီး တစ်နေ့လျှင် ၁၈ နာရီမှ နာရီ ၂ဝ ထိ ဖြန့်ဖြူးပါသည်။ ရေးမြို့တွင် လည်ပတ် စရာအဖြစ် ရေးမြို့မှ ၆-မိုင် ခန့်အကွာ ပင်လယ်ဝအပန်းဖြေ စခန်း၊ ကော့ဒွပ်ကျေးရွာ ပင်လယ်ဝအပန်းဖြေစခန်း၊ ဦးဇင်းလေးဆရာတော်ကျောင်း (ကျိုက်ဒေးတမော့ဗရတ်) စသည်တို့ ဖြစ်ပါသည်။
အာကာဖြိုး (ကံပေါက်)