မုတ္ထီးမြို့ဟောင်း
မုတ္ထီးမြို့ဟောင်းသည် ထားဝယ်မြို့မှ တောင်ဘက်သို့ (၆)မိုင် ကွာဝေး၍ မုတ္ထီး(၁) နှင့် မုတ္ထီး (၂)ဟု ပိုင်းခြားထားသည်။
မုတ္ထီး(၁)တွင် အနောက်ဘက်ရှိ ပေါက်တိုင်းချောင်းကို ကျုံးအဖြစ်ထားရှိ၍ ကျန်သုံးဘက်တွင် မြို့ရိုးတည်ဆောက်ခဲ့ကာ မြို့ရိုးသည် စတုဂံပုံဖြစ်၍ ထောင့်စွန်းများသည် ထောင့်မှန်မကျချေ။ မြို့ဟောင်းအလယ်၌ ရှိသည့် တောင်မြောက်ကန့်လန့် ဖြတ် ကျုံးနှင့် မြို့ ရိုး အရာကြောင့် မုတ္ထီးသည် အတွင်းမြို့နှင့်အပြင်မြို့ဟု နှစ်ပိုင်းဖြစ်နေခဲ့သည်။ မြို့ဟောင်း၏အရှေ့မြို့ရိုးသည် ပေ (၁၂၀၀) ၊ တောင်မြို့ ရိုးသည် ပေ (၄၀၀၀) နှင့် မြောက်မြို့ရိုးသည် ပေ (၁၂၀၀) ရှည်လျားသည်။
မုတ္ထီး(၁)မြို့ တံတိုင်းကို မြို့ဟောင်းအရှေ့ဘက်ရှိ တောင်ကုန်းကို ဝိုင်းပတ်၍ တည်ဆောက်ခဲ့ကာ တောင်ကုန်းပေါ်တွင် စေတီများရှိနေသည်။
ထားဝယ်မြို့မှ မြိတ် မော်တော်ကားလမ်း၏ ထားဝယ်မြို့ အထွက်၌ မြင်ကြရသည့် ရှင်မုတ္ထီး ဘုရားသည် မုတ္ထီးမြို့ဟောင်း အတွင်း၌ တည်ရှိနေကာ မော်တော်ကားလမ်းက မုတ္ထီးမြို့ဟောင်း၏ တောင်ဘက်နှင့် မြောက်ဘက်မြို့ရိုးကို ဖြတ်သန်းနေသည်။
မုတ္ထီး(၂) (စော်၀ ကျေးရွာ)သည် မုတ္ထီး(၁) တောင်ဘက်မြို့ရိုးနှင့်ကပ်လျက် တည်ရှိကာ မုတ္ထီး(၂) မြို့ရိုးသည် စတုဂံ မကျတကျ ပုံစံရှိ၍ တောင်ကုန်းတစ်ခုကိုပတ်၍ အနောက်ဘက်မြို့ရိုးကိုတည်ဆောက်ထားသည်။ မြို့ဟောင်း၏ အနောက်မြို့ရိုး သည် ပေ (၃၃၀၀)၊ တောင်မြို့ရိုး နှင့် မြောက်မြို့ရိုးသည် ပေ (၁၆၀၀) စီရှည်လျားသည်။
မုတ္ထီး(၁) နှင့် မုတ္ထီး(၂)တို့သည် တစ်ခုနှင့် တစ်ခု အစွန်းချင်းထိဆက်နေပြီး ပုံစံချင်း မတူညီကြချေ။ မုတ္ထီး(၁)သည် ပေါက် ကိုင်းချောင်းရှိသည့် အနောက်ဘက်တွင် မြို့ရိုးကို မတည်ဆောက်ထားသော်လည်း မုတ္ထီး(၂) တွင်မူ အနောက်ဘက် မြို့ရိုးကို တည်ဆောက်ထားသည်။
မြေမြို့ရိုးများသည် ပျက်စီးနေကြကာ ပျမ်းမျှ အမြင့် ငါးပေ နှင့် (၁၀) ပေ အကြား ကျန်ရှိနေပြီး ကျုံးအကျယ်မှာ ပျမ်းမျှ ပေ (၂၀) ကျန်ရှိသည်။မြေမြို့ရိုး၏ အချို့နေရာများတွင် မူလကတည်းက ထည့်သွင်းတည်ဆောက်ခဲ့ဟန်ရှိသည့် အုတ်နှင့် ဂဝံ အပိုင်း အစများကျန်ရှိနေခဲ့သည်။
မုတ္ထီးမြို့ဟောင်းသည် သာဂရ မြို့ဟောင်းလောက် ရှေးမကျသော်လည်း မြို့ဟောင်းမှ တွေ့ရှိခဲ့သည့် အထောက်အထား များအရ ပုဂံခေတ်မတိုင်မီကာလကို ဖော်ညွှန်းနိုင်သည်ဟုဆိုသည်။ရာဇဝင်ကျမ်းများ အလိုအရ မုတ္ထီးကို အင်းဝခေတ်တွင် တည် ခဲ့ကြောင်း ယူဆကြသော်လည်း ယေဓမ္မာ ဟေတုပ္ပဘဝါ အစချီသည့် ဂါထာ ရေးထိုးထားသည့် အုတ်ခွက်ဘုရားများ၊ပုဂံဘုရင် ကျန် စစ်သား၏ ဘွဲ့တော်အမည် သိရီ တြိဘုဝနဒိတျဓမ္မရာဇာ ပါရှိသည့် အုတ်ခွက်ဘုရားများနှင့်ဟိန္ဒူ နတ်ဘုရား ဗိဿနိုး ရုပ်တုတို့ကို မုတ္ထီးဝန်းကျင်မှ တွေ့ရှိခဲ့သည်။
မုတ္ထီးမြို့ဟောင်းအကြောင်း ရေးသားသည့် စာအုပ်စာတမ်းများတွင် မုတ္ထီးသည် ပုဂံခေတ် ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ထွန်း ကားခဲ့ဟန်ရှိကြောင်း ဖော်ပြခဲ့ကြသည်။
.
မုတ္ထီး ဘာသာရေး အဆောက်အအုံများ
မုတ္ထီးမြို့ဟောင်းအတွင်း၌ အထင်ရှားဆုံး အဆောက်အအုံသည် ရှင်ကိုးရှင်ဘုရားတစ်ဆူအဖြစ် ထင်ရှားသည့် ရှင်မုတ္ထီး စေတီဖြစ်သည်။ရှင်မုတ္ထီးစေတီတော်တွင် ရှင်မုတ္ထီးရုပ်ပွားတော်ကို ဌာပနာ ထည့်သွင်းခဲ့သည်။
ရှင်မုတ္ထီးရုပ်ပွားတော်သည် သီဟိုဠ်ကျွန်းမှ ရဟန္တာအရှင် မဟာအရဟံက ပင်လယ်တွင်းသို့မျှောခဲ့သည့် ရုပ်ပွားတော် လေး ဆူ အနက် တစ်ဆူဖြစ်ပြီး ကျန်သုံးဆူမှာ ပုသိမ်မြို့ရှိ ရှင်မုေဋ္ဌာဘုရား၊ ကျိုက်ထိုမြို့မှ ကျိုက်ပေါလောမှည့်ရှင်ဘုရား နှင့်ကျိုက္ခမီ ရေ လယ်ဘုရားတို့ဖြစ်ကြောင်း ယုံကြည်ကြသည်။ စေတီတော်၏အနောက်ဘက် မြစ်ကမ်းအနီး နေရာတွင် ရုပ်ပွားတော်ကို ဆယ်ယူ ခဲ့သူဟု ဆိုသည့် သီလရှင်ရုပ်တုကို မြင်တွေ့နိုင်ကြသည်။
ခရစ်နှစ် ၁၉၂၄ ခုနှစ်တွင် တနင်္သာရီတိုင်းမင်းကြီး မစ္စတာအိပ်ချ်အမ် စတီဗင်ဆင်သည် ရှင်မုတ္ထီးစေတီအနီးမှ အုတ်ခွက် ဘုရား (၃၀၀) ကို ရရှိခဲ့သည်။ အုတ်ခွက်ဘုရားအချို့၏ ကျောဘက်တွင် ရှေးဟောင်း မွန်ကမ္ဗည်းစာ သ္မိင်သြီတြိဘောဝနာဒိတျ ဟု ရေး ထိုးထားရာမြန်မာဘာသာဖြင့် သီရိတြိဘုဝနာဒိတျဓမ္မရာဇာဖြစ်ပြီး ပုဂံပြည့်ရှင်ကျန်စစ်သားမင်းကြီး၏ ဘွဲ့တော်ဖြစ်သည်။
၁၉၈၀ပြည့် နှစ်တွင်လည်း မုတ္ထီးမြို့ဟောင်းမှ အုတ်ခွက်ဘုရားများကို ရရှိခဲ့သည်။၂၀၀၁ ခုနှစ်တွင် မုတ္ထီး(၂)ရှိ အရူးပျောက်ဘုရား တံကဲ ပြိုကျရာမှ အုတ်ခွက်ဘုရားများ ထွက်လာခဲ့ရာ ယင်းတို့သည် ပျမ်းမျှ အလျား ငါးလက်မ၊အမြင့် လေးလက်မနှင့် အထူတစ် လက်မ အရွယ် ရှိကြသည်။
ရှင်မုတ္ထီးဘုရား မြောက်ဘက်မုခ်မှမြို့ဟောင်း အနောက်ဘက်ရှိ ပေါက်တိုင်းချောင်းအထိ ဖောက်လုပ်ထားသည့် အုတ် လမ်း သည် (၃၁၇၀) ပေရှည်၍ ပျမ်းမျှ ခုနစ်ပေကျယ်ကာ ဒေသခံများက ဘုရားတက်လမ်းဟု ခေါ်ဆိုကြသည်။ ပင်လယ်တွင်းမှ မျောပါ လာသည့် ရှင်မုတ္ထီးရုပ်ပွားတော်ကို ယင်းလမ်းမှ ဘုရားကုန်းတော်ပေါ်သို့ ပင့်ဆောင်ခဲ့သည်ဟု ယူဆကြသည်။ အချို့ကလည်း ဝေဒီမြို့ဟောင်းမှ ဘုရင်များ ရေကြောင်းမှ လာရောက်၍ ရှင်မုတ္ထီး ဘုရားကို ဖူးမြော်ရာတွင် ပေါက်တိုင်းချောင်းမှ ဘုရားသို့ သွား ရောက်ရန် ယင်းလမ်းကို ဖောက်လုပ်ခဲ့ခြင်းဖြစ်နိုင်ကြောင်း ယူဆကြသည်။လမ်းခင်းထားသည့် အုတ်များ၏ ပျမ်းမျှ အရွယ်သည် အလျား (၁၅) လက်မ၊ အနံ (၇) လက်မ နှင့်အထူ (၂) လက်မ ဖြစ်သည်။
မြို့ဟောင်း အရှေ့မြို့ရိုး၏ အရှေ့ဘက်တွင် တည်ရှိသည့် ဘုရားသည် ရတနာစာတီတောင်စေတီဖြစ်၍ နပ်စာရီတောင် စေတီ ဟုလည်းခေါ်ဆိုကြသည်။ ခေတ်အဆက်ဆက် ပြုပြင်မွမ်းမံခဲ့သဖြင့်စေတီတော်၏ မူလလက်ရာများ မကျန်ရှိတော့ချေ။
မုတ္ထီး(၂) မြို့ဟောင်း၏ အနောက်မြို့ရိုးနှင့် မြောက်မြို့ရိုးတို့ ဆုံသည့် နေရာအနှီး၊ စော်ဝကျေးရွာတွင် တည်ထားသည့် အရူးပျောက်ဘုရား သည် ထင်ရှားသောဘုရားတစ်ဆူဖြစ်ကာ သက္ကရာဇ် ၇၈၀ ပြည့်နှစ် နယုန်လဆန်း ၈ ရက်တွင် တည်ခဲ့ကြောင်း ရေးသားကြသည်။အရူးပျောက်ဘုရားသိမ်အတွင်း၌ ဉာဏ်တော် ၂၈ ပေမြင့်သည့် ရှေးဟောင်းရုပ်ပွားတော် တစ်ဆူရှိသည်။ စေတီ တော် ပရိဝုဏ်တွင် ထားရှိသည့် ဂဝံကျောက်အိုးကို ဆေးဆရာ မယ်စောက ဘုရင့်ထံပေးပို့သည့် ဆေးသစ္စာတော်ရေအိုးဟု ယုံကြည်ကြသည်။
မုတ္ထီးမြို့ဟောင်းအတွင်း၌ပင် ဘုရားပုပု ရွှေဆင်းတုဘုရား၊ လှည်းကျောင်းတောစေတီ နှင့် ရွှေဂူတောင် စေတီတို့ကို ဖူးတွေ့နိုင်သည်။
.
ဗိဿနိုးရုပ်တု
မုတ္ထီးမြို့ဟောင်းမှရရှိခဲ့သည့် ရှေးဟောင်းပစ္စည်းများအနက် အလွန်ထင်ရှားသည့် ဗိဿနိုးရုပ်တုကို ကျိုး ပြတ်နေသည့် ကျောက်ရုပ်တုများနှင့်အတူ ၁၉၆၂ ခုနှစ်က အရူးပျောက်ဘုရားအနီးရှိ ရော်ဘာခြံနှင့်လယ်ကွင်း အစပ်မှရရှိခဲ့ကာ မုတ္ထီးရွာအဝင် လန်းဒေါ့ရွာထိပ်၌ (၁၅) ပေပတ်လည် ကျယ်ဝန်းသည့် နတ်ကွန်းဆောက်၍ ထားရှိခဲ့သည်။ယင်းရုပ်တုကို ဒေသခံများက ရွာတော်ရှင် အဖြစ် ကိုးကွယ်ကြသကဲ့သို့ ဟိန္ဒူ ဘာသာဝင်များကလည်း ကိုးကွယ်ကြသည်။သဲကျောက်ပေါ်တွင် ဖောင်းကြွထုထား သည့် ယင်းရုပ်တုသည် (၄ ဒသမ ၆၅) ပေမြင့်၍ (၁ ဒသမ ၃၇) ပေကျယ်ကာ အထူ (၃ ဒသမ ၅၄) လက်မ ရှိသည်။
ဒေသခံများက မုတ္ထီး (၁) မြို့ဟောင်း၏ ထောင့်လေးထောင့်တွင် ယင်းရုပ်တု တစ်ခုစီ ရှိခဲ့သည်ဟု ဆိုကြသော်လည်း လက်ရှိ အရုပ်ကိုသာ တွေ့ရှိရသည်။
လက်လေးချောင်းပါရှိသည့် ယင်းရုပ်တုသည် ညာဘက်အပေါ်လက်ဖြင့် တင်းပုတ်ကိုကိုင်ထား၍ ဝဲဘက်အပေါ်လက်ဖြင့် ခရုသင်းကိုကိုင်ထားသဖြင့် ဗိဿနိုးနတ်ရုပ်ဖြစ်ကြောင်း သိရှိနိုင်ခဲ့ကြသည်။
မုတ္ထီးမြို့ဟောင်းမှ ရရှိခဲ့သည့် သမိုင်းအထောက်အထားများသည် မြေပြင်ပေါ်မှ ရရှိခဲ့သည့် ပစ္စည်းများသာဖြစ်ကြပြီး မုတ္ထီး မြို့ဟောင်းကို စနစ်တကျ တူးဖော်မှုများ မပြုလုပ်ရသေးချေ။ထို့ကြောင့်ရှေးဟောင်းသုတေသန ဆိုင်ရာ တူးဖော်မှုများကိုသာ ဆောင်ရွက်နိုင်မည်ဆိုပါက မုတ္ထီးမြို့ဟောင်းနှင့် ဆက်နွယ်သည့် ပိုမိုခိုင်မာသော သမိုင်းအထောက်အထားများကို ဖော်ထုတ်နိုင် မည်ဖြစ်ပေသည်။







