ထားဝယ်မြို့မှ ထားဝယ်မြစ်ကို ကမြောကင်းတံတားဖြင့် ဖြတ်၍ ထားဝယ်-လောင်းလုံ ကားလမ်းအတိုင်း အင်းဇောက်ရွာမှာ တောင်ဘက်သို့ လမ်းချိုးဝင်ကာ ကုန်းဇရပ်ရွာသို့ ဖြတ်ကျော်ပြီး လယ်ကွင်းများသို့ လွန်လျှင် ဝေဒီ ကျေးရွာသို့ ရောက်သည်။ ၆ မိုင်ခန့် သွားရပေမည်။ ဝေဒီ မြို့ဟောင်းရွာ ရှိသည့် ကျေးရွာကို ယနေ့အထိ ဝေဒီ ကျေးရွာဟုခေါ်သည်။ ထားဝယ်မြစ်အနောက်ဘက်ကမ်းရှိ စိတ်ဝင်စားဖွယ် မြို့ဟောင်းရာ တစ်ခုဖြစ်သည်။ ၄င်းမြို့ ဟောင်းရာကို ကောင်းကင်ဓါတ်ပုံတွင် ထင်ထင်ရှားရှား မြင် ရပေသည်။ မြို့ဟောင်း နှစ်ခု ပူးတွဲတည်ရှိနေပုံလည်း ပေါ် လွင်သည်။ အရှေ့ဘက်မြို့ဟောင်းနှင့် အနောက်ဘက် မြို့ဟောင်းဟု ယူရမည် ဖြစ်သည်။ ယခုလက်ရှိ ဝေဒီ ကျေးရွာအတွင်း တည်ရှိသည့် မြို့ရိုး အပိုင်းမှာ အထင်ရှား ဆုံး အပိုင်း ဖြစ်သည်။
အရှေ့ဘက် မြို့ဟောင်း၏ တောင်ဘက်မြို့ရိုး တစ်လျောက်တွင် လက်ရှိ ဝေဒီကျေးရွာ တည်ရှိသည်။ တောင်ဘက် မြို့ရိုးသည် ဝေဒီကျေးရွာကို ကျော်လွန်၍ မြစ်ဆိပ် အနားထိဆက်၍ ဆောက်ထားသည့် မြို့ရိုးအပိုင်း အပြတ်ကိုလည်းမြင်ရသည်။ အနောက်နှင့် မြောက်ဘက် မြို့ရိုးနှစ်ခုတို့သည်လည်း ထင်ရှားပေါ်လွင်လှသည်။ အရှေ့ ဘက်မြို့ရိုးမှာ အပိုင်းပိုင်း အပြတ်ပြတ် ဖြစ်နေသည်။
အနောက်ဘက် မြို့ဟောင်း မြို့ရိုးဟောင်းများက အရှေ့ ဘက် မြို့ဟောင်း မြို့ရိုးကုန်းများလောက် ပီပြင် ထင်ရှား မရှိတော့ပေ။ မြို့ဟောင်းနှစ်ခုစလုံးမှာ စတုဂံ ပုံဏ္ဍာန် ပေါ်လွင်လျှက် ရှိသည်။
ဆရာကြီး နိုင်ပန်းလှနှင့် ဦးသန်းဆွေ (ရှေးဟောင်း သုတေသနအရာရှိ) တို့က စတုဂံ ပုံ ပီပြင်သော မြို့ရိုးများ ကို တွေ့ရခြင်းဖြင့် မြို့သက်တမ်းမှာ နှစ်ပေါင်းငါးရာ တစ်ဝိုက်သာ ရှိသည်ဟု ခန့်မှန်းခဲ့သည်။ မောင်သန်းဆွေ (ထားဝယ်) ထားဝယ်ဥဒါန်း နှာ-၇၆)
ဒီနေရာမှာ ကျွန်တော် တချက်စဉ်းစားမိသည်။ နှစ်ပေါင်း ၁၅၀၀ ကို ဆိုလိုတာများလား စာစီစာရိုက်သမားတို့ စာကျန်ခဲ့လေသလား ဟူ၍ ဖြစ်သည်။ နှစ်ပေါင်း ၅၀၀ ဟူသည်ကား မဖြစ်နိုင်သော ယူဆချက်ဟု မြင်ပါသည်။ အကြောင်းကား ရာဇဝင်နှင့်လည်းမညီ ယူဆချက်ကိုလည်း
မြို့ရိုးစတုဂံပုံ ပီပီပြင်ပြင် မြင်သဖြင့်ဟု ဆိုထားသော ကြောင့် ဖြစ်သည်။ စတုဂံပုံ ပီပီပြင်ပြင် မြင်တိုင်းသာ ၁၇ ရာစု လောက်သွားယူပါလျှင် ထိုင်းမြို့ဟောင်းများကိုလည်း (ဥထောင်မှအပ) ထိုသို့ ဆိုရပါလိမ့်မည်။ နိုင်ငံနှစ်ခု နှိုင်း ယှဉ် ကြည့်မိပါသည်။ နှစ်ငါးရာဟူသည့် ယူဆချက်သည် မဖြစ် နိုင်ပါပေ။ သို့တည်းမဟုတ် ထိုခေတ်တွင် ထပ်မံ တည် ဆောက်ထားခြင်းလေလား ဟူ၍လည်း တွေးမိပါ သည်။ ထိုမြို့ရိုးဟောင်း စတုဂံပုံသဏ္ဍာန် မြင်ရုံမျှနှင့် ထိုသို့ ယူဆ သည် ဆိုပါလျှင်မူ လက်ခံနိုင်ဖွယ်ရာ မရှိပါ။ ထိုနေရာ မှ အခြားတွေ့ရှိချက် များနှင့် နှိုင်းယှဉ်ပြီး မြို့သက်တမ်းကို တွက်ချက်ခြင်းက ပိုမိုသင့်တော်မည်ဟု ယူဆပါသည်။
ဝေဒီမြို့ဟောင်းနေရာသည် မြေပုံအညွှန်း စတုရန်းအကွက် အမှတ် (၉၅-ကေ-၁) ဖြစ်သည်။ ထားဝယ်မြစ်ထဲသို့ စီးဝင် နေသော ဝေဒီချောင်းနှင့် မြစ်ကုန်းချောင်း နှစ်ခုကြားတွင် ရှိသည်။ ထားဝယ်နယ်အတွင်း အခြားမြို့ဟောင်းများနှင့် ပုံ မတူဘဲ ထူးထူးခြားခြား လေးထောင့်ပုံ ပိုပီပြင်သည်။
မြို့ဟောင်းနှစ်ခုပေါင်း ဧရိယာသည် ကျုံးမြို့အပါအဝင် ဧက ၂၉၀ ခန့် ရှိသည်။ သစ်တောမင်းကြီး ဦးအောင်မြင့်က ကောင်းကင်ဓါတ်ပုံအရ အနောက်ဘက်ခြမ်း မြို့ဟောင်း သည် အရှေ့ဘက်ခြမ်း မြို့ဟောင်းထက် ပို၍ စောစွာ တည်ထားဟန် ရှိသည်ဟု ကောက်ချက်ချထားသည်။
ထားဝယ်ရာဇဝင်အရ ကနိကဝတ်မင်းသည် သက္ကရာဇ် ၅၉၀ (AD-1228) ပြည့်နှစ်တွင် ထောင့်ကွယ်မြို့(ယခု ကြက်လွှတ်ရွာ) ကို တည်ထောင်စိုးစံသည်။ ထိုနောက် ယင်း၏သား လတ်ကနိဌာသူ ၄င်း၏သား ကနိဌာရုံ ၄င်း၏သား ကနိဌာသံ ၄င်း၏သား ကနိဌာဝါ တို့ တိုင် အောင် ထောင့်ကွယ်မြို့၌ ဆက်လက်စိုးစံကြပြီးနောက် ကနိဌာဝါမင်း၏ သားတော် စောရသူသည် သက္ကရာဇ် ၇၉၂
(AD-1430) ခုနှစ်တွင် ထောင့်ကွယ်မြို့မှ ပြောင်းရွှေ့၍ ဝေဒီမြို့ကို တည်ထောင်စိုးစံသည်။
ဝေဒီမြို့နေရာသည် တိမ်သောရေဝဲရှိရာမှ ခန်းခြောက်သွား သည်ကို အစွဲပြု၍ ဝဲတိမ် ဟုခေါ်ရာမှ ဝဲတီ -ဝဲဒီ > ဝေတီ- ဝေဒီ ဟု ရွှေ့လျော ပြောင်းလဲလာသည်ဟု ဆိုကြပါသည်။
ဟုတ်၏ မဟုတ်၏ မသိပါ။ ဆိုစမှတ်အတိုင်း ဆိုခြင်းသာ ဖြစ်သည်။ စကားရင်းမြစ်ပညာရပ်ဖြင့် ထပ်မံစီစစ်ကြည့်ပါဦး မည်။
ထိုဝေဒီမြို့ကို စောရသူ၏ သားတော် စောရောင် ၄င်း၏ သား စောသွားရောင် ၄င်း၏သား ရွှေနန်းတက် ၄င်း၏ သား အိမ်ရှေ့မင်း တို့ ဆက်လက်အုပ်စိုးကြပြီး နောက် သာဂရ မြို့ကို စိုးစံသည့် ရှင်ဇံမင်းနှင့် မိဖုရား စောမြဒေဝီတို့၏ သားတော် ဗလစောရန်နိုင်ခေါ် စောသီလမင်း ပြောင်းရွှေ့ အုပ်စိုးသည်ဟု ဆိုကြသည်။
ဒီနေရာတွင် ပြောင်းပြန် ဖြစ်နေပါသည်။ သာဂရတွင် ရှင်ဇံ အုပ်ချုပ်သည့်နှစ်သည် သက္ကရာဇ် ၁၂၈-၁၇၅ ဖြစ်သည်။
AD-9 (766-813) ဖြစ်သည်။ ယခု ဝေဒီမြို့ကို စတည်နှစ် ဆိုသည်မှာ AD-1430 (၁၅ ရာစု) ဖြစ်သည်။ ထိုကာလ နှစ်ခု မတူပါ သက္ကရာဇ် မှားယွင်း မှတ်တမ်းတင်ခဲ့လေ သလား လုပ်ဇာတ်လေလား တစ်ခုခု ဖြစ်ပေလိမ့်မည်။
နောက်တစ်ချက်အနေဖြင့် ဆိုထားမှာ "သမန္တရာဇာ တွင် သားသမီးမထွန်းကား။ ထိုမင်း နတ်ရွာစံ သောအခါ မွေးစားသား ရှင်ဇံကို အရိုက်အရာ ဆက်ခံစေသည်။ သမ္ဗန်မင်း (သို့) နန္ဒိယမင်းဟု ဘွဲ့အမည် ခံသည်။ ကောဇာ ၁၇၅(AD-813) တွင် နတ်ရွာစံသောအခါ သားထောက် သမီးခံ မရှိသည့်အတွက် အောင်သာဝတီ (ကလိန်အောင်) တွင် ခမည်းတော် ထားခဲ့သော မွန်အမတ် ဗြညားဗလက သာဂရတွင် မင်းအဖြစ် ဆက်ခံသည်။ သာဂရ မွန်မင်းဆက် သည် ဤသည်မှ စသည်။ မွန်မင်း ကိုးဦး သာဂရကို ထီးနန်း စိုးစံသည်။" ဒီလို ဆိုထားပါတယ်။
ရှင်ဇံ နန်းစံနှစ်သည် ၄၇ နှစ် ဖြစ်သည်။ သားထောက် သမီးခံ မရှိသည့်အတွက် ဟု ဆိုထားသည်က တစ်ချက်
နောက်ရာဇဝင် တစ်ခုတွင် "ထိုဝေဒီမြို့ကို စောရသူ၏ သားတော် စောရောင် ၄င်း၏ သား စောသွားရောင် ၄င်း၏သား ရွှေနန်းတက် ၄င်း၏ သား အိမ်ရှေ့မင်း တို့ ဆက်လက်အုပ်စိုးကြပြီး နောက် သာဂရ မြို့ကို စိုးစံသည့် ရှင်ဇံမင်းနှင့် မိဖုရား စောမြဒေဝီတို့၏ သားတော် ဗလစောရန်နိုင်ခေါ် စောသီလမင်း ပြောင်းရွှေ့ အုပ်စိုးသည်" ဟု ဆိုထားကြသည်က တချက် ထိုအချက် များကို ကြည့်လျှင် ကြီးစွာသော လွဲမှားမှုကြီးဖြစ်နေသည်။ သက္ကရာဇ်လည်း မတူ(မတူသည်က ရာစုနှစ်ပင် အတော် ကွာဟနေသည်) စကားရပ်များလည်း တစ်ခုနှင့် တစ်ခု မညီပေ။ ထိုကြောင့် ခေတ်ပြိုင်နှင့် စံထိုးကြည့်ပါသည်။
ရေးမြို့ သမိုင်းအရ "ထားဝယ်ရှိ လောင်းလုံဒေသ ဒေဝီမြို့ကို ထီးနန်းပြု အုပ်ချုပ်ခဲ့သော ဓမ္မဒိန္နာမဟာရာဇာ မင်းနှင့် မိဖုရား ပဒုမ္မာခေမာဒေဝီ တို့တွင် မာရဒေဝီ မည် သော သမီးတော် တစ်ပါး ရှိသည်" ဟု ဖော်ပြထားသည့် အချက်မှာလည်း မှားယွင်းလျက် ရှိသည်။ အမှန်မှာ ဝေဒီမင်းကြီးတွင် သမီးတော် သုံးပါး ရှိသည်။
"မင်းနှင့် မိဖုရား နတ်ရွာလား ပြီးနောက် သမီးတော် မာရဒေဝီ နန်းတက်သည်။ ထိုမှ တဖန် နန်းမြို့သစ်တည် ရန်အတွက် မြောက်ဘက်အရပ် ဖြစ်သော နောင်ရေးမြို့ တွင်မည့် နေရာကို စစ်အင်္ဂါလေးပါး နှင့် တကွ မှူးမတ် သေနာပတိ ရဟန်းရှင်လူ ပြည်သူ တို့နှင့် အတူ ပြောင်းရွှေ့ ခဲ့သည်။
ကောဇာသက္ကရာဇ် ၉၄ ခုနှစ် တပေါင်းလဆုတ် (၂) ရက်
သောကြာနေ့ နံနက် (၁) နာရီအချိန်တွင် မြို့သစ်ကို အုတ်မြစ်ချခဲ့သည်။ သက္ကရာဇ် ၉၅ ခုနှစ် ဝါခေါင်လတွင် မြို့သစ်ကို အဝိဇ္ဇာဇေယျပူရ ဟု သမုတ် ခဲ့သည်။
မာရဒေဝီဘုရင်မသည် ၃၅ နှစ်ကြာ နန်းစံခဲ့သည်။
AD-732 (😎 တွင် မာရဒေဝီ ထွက်ခွာလာသည်။ AD- 733(😎 တွင် ရေးမြို့ တည်သည်။
AD-733 တွင် ရေးမြို့ တည်သည်။ ထိုနှစ်သည် သာဂရ မြို့တည်မင်း (သမန္တမင်း) ထက်ပင် ၁၃ နှစ် စောနေပြန် သည်။ ဝေဒီမြို့သည် သာဂရထက်အရင် တည်သည်ဟု ယူဆရမလိုလို ဖြစ်နေသည်။ ဝေဒီရာဇဝင်အရ ဆိုလျှင် အတော်ကို ချွတ်ချော်သော လွဲမှားချက်ကြီး ဖြစ်သည်။ တနည်းကြည့်ပြန်သော် ဝေဒီမြို့ကို ဘယ်နှကြိမ်တည် သည်ဟု ခွဲခြမ်း စိပ်ဖြာ ကြည့်နိုင်သည်။
ယခုမျက်မြင်ပင်လျှင် နှစ်ကြိမ် ထင်ရှား ရှိသည် ဖြစ်ရာ ထို ယခင် ကာလများတွင်လည်း တည်ထားနိုင်စရာ ရှိသည်။
သာဂရ နှင့်နှိုင်းစာ ကြည့်မြင်ပါသည်။ သာဂရမြို့ဟောင်း သည် ကောင်းကင်ဓါတ်ပုံအရ မြို့ရိုးသုံးထပ် မြင်ရသော် လည်း လက်တွေ့မြေပြင်တွင် မြို့ရိုး ငါးထပ် တည်ထားဟန် ရှိသည်ကို မြင်ရသည်။ ထိုသဘောပင် ဖြစ်လေမည်လား ဟု စဉ်းစားကြည့်မိပါသည်။ ရာဇဝင်ချင်း မညီညွှတ်သော် သမိုင်း သေတတ်ပါသည်။ အခြားတွေ့ရှိရာ အထောက် အထားအများအရ ၄င်းအနီး ထောင့်ကွယ်မြို့ဟောင်းမှ သည် ပင်းယခေတ် ကျောက်စာကို ထင်ရှား ရရှိထားသည်။
သို့ဖြစ်ရာ ဝေဒီရာဇဝင်သည် သာဂရမြို့ဟောင်းကဲ့သို့ပင် မှတ်တမ်းတင်ရာတွင် တစ်စွန်းတစ လက်လှမ်းမှီရာ နောက် ထပ် တည်သောမင်းတို့ကိုသာ မှတ်တမ်းပြုထားဟန် ရှိ သည်ဟု ထင်မိသည်။ ထိုအချက်များကို အတည်ပြု သုံးသပ် နိုင်ရန် ဝေဒီမြို့ဟောင်းမှတွေ့ရှိသော မြေပေါ် မြေအောက် အထောက်အထားတို့ဖြင့်သာ စကား ပြောရပါ တော့မည်။ ရာဇဝင်စကား တို့ကို စာပါသမျှ အကုန် အတည်ပြုရန် မဖြစ်နိုင်တော့ပါ။
ဝေဒီရွာ အဝင် ထွာချောင်းကို ဖြတ်ကျော်လျှင် မြို့ဟောင်း တောင်ဘက် မြို့ရိုးပြတ်ထိပ်ပေါ်တွင် တည်ထားသော စေတီတော်ကို ထီးထီးကြီး ဖူးမြင်ရသည်။ ၁၉၅၄ ခုနှစ် ဧပြီလ ၄ ရက်နေ့ကမှ ရှေးဟောင်းစေတီကို ငုံ၍ ပြန်တည် သည်ဟု ဆိုသည်။ ၄င်း စေတီကုန်းပေါ်က တက်ကြည့်လျှင် ကျုံးမြို့ရိုးများကို ထင်ရှားစွာ တွေ့ရသည်။ မြို့ဟောင်း နှစ်ခု ပေါင်းဆုံရာ အလယ်ဗဟိုတွင် နန်းတော်ရာ သို့မဟုတ် အခြား အမျိူးအမည် မဖော်ပြနိုင်သည့် အရာဟောင်း နှစ်ခု ကို တွေ့ရသည်။ တူးကြည့်မှ သိနိုင်ပါမည်။ ရွာခံများက တောင်ဘက်ရှိ အုတ်ကျိုးများဖြင့် တည်ရှိရာ ကုန်းမို့မို့ကို နန်းတော်ရာ ဟု ဆိုကြသည်။ မြောက်ဘက်ရှိ ပို၍ မြင့်သော အုတ်ကျိုးများဖြင့် တည်ရှိနေသည့် ကုန်းမို့မို့ နေရာကို အိမ်ရှေ့မင်း အိမ်တော်ရာဟု ပြောသည်။ ၄င်းအပေါ်တွင် သစ်သား နတ်နန်းဆောင်သည် ဇရပ်ငယ် တမျှ ကြီးမားရာ ထားဝယ်နယ်ရှိ ရွာရှင်နတ်နန်းများတွင် အကြီးဆုံးဟု ဆိုရပေမည်။
နန်းတော်ရာ၏ တောင်ဘက် တပြလောက်တွင် အတွင်း၌ လေးထောင့်အုတ်ရိုး စီထားသော ရေတွင်းဟောင်း တစ်ခု ရှိသည်။ သောက်တော်တွင်းဟု ခေါ်သည်။ ထိုနန်းတော်ရာ ၏ မြောက်ဘက် ဝေဒီချောင်း(ထွာချောင်း) အစပ်တွင် ဝေဒီမင်း၏ ဖောင်တော်ဟောင်းအား နွံ့ထဲနစ်မြှုပ်နေသည် ကို အစွန်းအစမျှ တွေ့နိုင်သေးသည်။ ဖောင်တော်မှ အချို့ သစ်လုံးများကို ဝေဒီကျောင်းကြီးတွင် ကျောင်းတိုင်အဖြစ် ယူ၍ သုံးဖူးသည်ဟု ဆိုသည်။ သစ်လုံးများမှာ အရှည် နှစ်ဆယ့်ငါးတောင် ရှိ၍ လုံးပတ် လေးတောင် ရှိသည်။ ကျောင်းတိုင်အဖြစ် အသုံးပြုရာတွင် သစ်လုံးများ အဆီခန်း လာ၍ လဲလှယ်ပစ်လိုက်ရာ ယခုအခါတွင် မူလသစ်လုံး အဖြစ် ဝေဒီကျောင်းကြီး လှေကားအတက် ဘယ်ဘက် ကျောင်းတိုင်တစ်လုံးသာ ပြစရာ ကျန်တော့သည်။
ဝေဒီကျောင်းကြီးသည် တောင်ဘက်မြို့ရိုးအစပ်တွင် ကပ်လျက် တည်ရှိသည်။ ကျောင်းဓမ္မာရုံ ဆောက်လုပ်ရန်
မြို့ရိုးကို ပိုင်းဖြတ်ထားသဖြင့် ကျောင်းဝင်းအတွင်း မြို့ရိုး တပိုင်း ပြတ်နေသည်။ မြေမြို့ရိုးဖြစ်သည်။ ကျောင်းဝင်းအဝ တွင် ရှေ့ဟောင်း ရွှေယင်မျှော်ဘုရား ရှိသည်။ ကျောင်းဝင်း အတွင်း ကျောင်းမျောက်ဘက်တွင် ရေကန်တစ်ကန်ရှိသည် ထိုကန်ကို မြင်းလှကန်ဟု ခေါ်သည်။ ဘုရင့်မြင်းရေချိူးပေး ရာ ကန် လို့ ဆိုသည်။
ဝေဒီရွာမှ ကပ်လျက်ရှိသော အရပ်ကို မယ်အိုကွင်းဟု ခေါ်သည်။ အိမ်ခြေ ငါးဆယ်ခန့်ရှိသည်။ ထိုခေတ်က ဘိုးဘွားရိပ်သာလိုမျိုး ရှိဟန်တူပါသည်။ ထိုအထက်နား တွင် ခေါင်းဆေးကန်ဟု ရှိသည်။ မင်းနှင့် မိဖုရား ခေါင်းဆေး မင်္ဂလာပြုရာကန်ဟု ဆိုပါသည်။ မယ်အိုကွင်း၏ အရှေ့ တွင် မျှစ်လောင်ချောင်းဟု ခေါ်သော နေရာရှိသည်။ ဝေဒီ မိဖုရားကြီး ပဋိသန္ဓေရှိစဉ် မျှစ်စားလိုသော ချဉ်ချင်း ဖြစ်ပေါ် လာသောကြောင့် ဝါးတောကို မီးရှို့၍ ရေလောင်းခိုင်းသဖြင့် မျှစ်များထွက်ပေါ်လာကာ စားရသောနေရာကို ယနေတိုင် ခေါ်နေကြခြင်း ဖြစ်သည်။
ယနေ့ ဝေဒီရွာ၏ အနောက်ဘက် မြေမြို့ရိုးနှင့် ဝေဒီချောင်း အကြားတွင် အိမ်ခြေ ၃၅ မျှ ရှိသော ရဲတွင်းခေါ် နေရာ တစ်ခု ရှိသည်။ ဘုရင့်လက်ထက်တွင် သူရဲ သူခက် တန်း လျားများ ထားရာ နေရာ ဖြစ်သဖြင့် ရဲတွင်းဟု ယနေ့ တိုင် ခေါ်ဆိုလာကြသည်ဟု ဆိုပါသည်။ ရဲတွင်းနှင့် ကပ် လျက် အရှေ့နှင့် အနောက် တန်းနေသော ဝေဒီ ချောင်းမှ အနောက်ဘက် သဗျာချောင်း လောင်းလုံ ချောင်း တို့နှင့် ချောင်းဖျားခံ၍ ဆက်စပ်နေပြီး ထားဝယ်မြစ် အတွင်း သို့ စီးဝင်သည်။ ဝေဒီချောင်းကို ထွာချောင်းဟုခေါ်သည်။ ဘုရင် ခေတ်က လူတစ်ဦးကို တနေ့ တစ်ထွာ တူးဖော်၍ ချောင်းဖောက်ရသဖြင့် ထွာချောင်းဟု ခေါ်ခြင်းဖြစ်သည်။
တနည်းအားဖြင့် တူးမြောင်း ဖြစ်ပါသည်။ တောင်ဘက်မြို့ ရိုး အပြင်ဘက်နား(ယခု ဝေဒီကျေးရွာ အဝင်လမ်းဘေး) တွင် လူခြင်ကန် ဟူ၍ ကန်နေရာဟောင်းတစ်ခုရှိသည်။ ၎င်းအနီးတွင် ထားဝယ် အခေါ် မုဒီအမ်း(မုန့်ဟင်းခါးအင်း) ဆိုသည့် နေရာလည်း ရှိသည်။ ထွာချောင်း တူးဖော်ရာတွင် လုပ်အားပေးသော သူများကို မုန့်ဟင်းခါး ကျွေးသော နေရာဟု ဆိုသည်။
.
နန်းဦးစေတီ
ယခု ဝေဒီကျေးရွာ အဝင်လမ်း၏ တောင်ဘက်တွင် နန်းဦး ဘုရား ရှိသည်။ ရှေးဘုရားဟောင်း ပြိုပျက်ရာကုန်းကို ငုံ၍ မတည်ဘဲ ကုန်းပေါ်တွင် စေတီတည်ထားခြင်း ဖြစ်သည်။ Ref Map: https://maps.app.goo.gl/5ksP6RzJ11P64qzLA
.
နန်းဦးဘုရားဟု ဆိုသော်လည်း မြို့ရိုး အပြင်ဘက် ရောက် နေသဖြင့် အဘယ် နန်းတည်သော နန်း၏ နန်းဦးကို ဆိုလို မှန်း မသိနိုင်တော့ပေ။ ၎င်းနန်းဦးဘုရား၏ အနောက်ဘက် ဝါးနှစ်ပြန်ခန့်တွင် ရွှေလင်ဗန်းတွင်းဟူသည် တွင်းဟောင်း ရာ တစ်ခုရှိသည်။ ထိုတွင်းမှ ရွှေလင်ဗန်းရသည်ဟု ဆိုသည်။
ဝေဒီကျေးရွာ၏ တောင်ဘက်တွင် အနောက်မှ အရှေ့သို့ စီးဆင်းနေသော မြင့်ကုန်းချောင်း ရှိသည်။ ထားဝယ်မြစ် အတွင်းသို့ စီးဝင်သည်။ ၎င်းမြစ်ကုန်းချောင်းသည် ဝေဒီ မင်းကြီး ဝေဒီမြို့မှ မြင့်ကုန်းစေတီတည်ရာသို့ ဖောင်တော် ဖြင့် လာရန် တူးမြောင်းဖော်ရာ တစ်အိမ်ထောင်တွင် ရေထွက်သည်အထိ လက်တစ်ကွင်းစာ လုပ်အားပေး တူးဖော် ပေးရသော တူးမြောင်းဖြစ်သည်။
ဝေဒီမြို့ဟောင်းသည် အရှေ့ဘက်တွင် ထားဝယ်မြစ် တောင်ဘက်တွင် မြင့်ကုန်းချောင်း မြောက်ဘက်တွင် ဝေဒီ ချောင်း တို့ အလယ်တွင် ရှိသည်။ အရှေ့ဘက် တောင် ဘက် မြောက်ဘက်တို့တွင် သုံးမျက်နှာ မြစ်တို့ဖြင့် အပြင် ကျံူးသဖွယ် အသုံးပြု တည်ဆောက်ထားသည်။
အနောက်ဘက်မျက်နှာတွင် အင်းကြီး ရှိသည်။ ၎င်း လေး မျက်နှာအလယ် ပြန့်ပြူးသော မြေပြင်ပေါ်တွင် မြို့တော် တည်ခြင်းသည် ရှေးမြန်မာမင်းတို့၏ ထုံးစံသဖွယ် ဖြစ် သည်။
မျက်နှာတစ်ဖက်တွင် သပြေညွှန့်ကိုက်ချီထားသော ငှက်ရုပ်ပါပြီး အခြား တဖက်တွင် မည်သည့် အက္ခရာဟု မခန့်မှန်းနိုင်သော စာများပါသည့် ခဲဒင်္ဂါးကြီးများ ( အချို့ ဒင်္ဂါးများသည် အစိတ်သားနီးပါး အလေးချိန် ရှိသည်။ ) ရေနံဆီပုံးနှင့် လေး ငါးပုံးစာခန့် ရဖူးသည်။ ကြေးကွန်ချာ အုပ်ထားသော ရွှေဓါတ်လုံးများ မြို့ထောင့်ကျသော နေရာ များမှ ရဖူးသည်။ အနက်ရောင် ပန်းကန်ပြားများ အထပ် လိုက်ရဖူးသည်ဟုလည်း ဆိုပါသည်(မမြင်ဖူးပါ)။
တူးဖော်နိုင်ခြင်း မရှိသဖြင့် မြေပေါ်အထောက်အထား အချို့သာ ရှိပါသည်။ စနစ်တကျ တူးဖော်နိုင်ပါက များစွာ အကျိုးရှိမည် ဖြစ်ပေသည်။
Ref: https://www.facebook.com/permalink.php/?story_fbid=1300476469994711&id=893804307328598
___________________
ထားဝယ်မှတ်တမ်းအချို့အရ ဝေဒီကို AD ၇၅၄ ( ကောဇာသက္ကရာဇ် ၁၁၆ခု) လို့ တွေ့ရလို့ နီးစပ်တာ တွေ့ရတယ်။ ထားဝယ်ရာဇဝင်တွေကို တိုက်ဆိုင် စီစစ် ကြည့်တဲ့အခါ ဝေဒီမြို့ဟာ သာဂရထက် မြို့တည်တာ စောနေကြောင်း သိရပါ တယ်။ သာဂရကို ဖော်ပြရာမှာ သာဂရက စောတည်ဟန်နဲ့ ဖော်ပြထားပါတယ်။ သို့သော် ဝေဒီသမိုင်း တစ်ခုတည်းကို ကြည့်ပြီး ဝေဒီ နန်းတည်နှစ်ကို အတည် ပြု၍ မရပေ။ ထောင့်ကွယ် ဝေဒီ သာဂရ ရေး ဒီမြို့ဟောင်းလေးခုရဲ့ ရာဇဝင် ကြောင်းတွေကို အပြန်ပြန် အလှန် တိုက်ဆိုင်စီစစ်ပြီး ဆုံးဖြတ်ရပါတယ်။
သာမန် ရာဇဝင်အလိုအားဖြင့် သာဂရက ဝေဒီထက် ၃ နှစ် စောပြီး နန်းတည်တယ် ဆိုထားပေမယ့် ထောင့်ကွယ်မြို့ ရာဇဝင် ဝေဒီရာဇဝင်တို့နဲ့ ပြန်ကြည့်တဲ့အခါမှာ ခေတ်ပြိုင်အားဖြင့် ရေး ရာဇဝင်ကိုပါ တိုက်စစ်ကြည့်တဲ့အခါ ဒီမြို့ဟောင်း လေးခုမှာ ဝေဒီက စောတည်တယ် ဆိုတဲ့အကြောင်း ဘယ်ရွှေ့ ဘယ်ကာလ ကတည်းကတည်၍ မင်းဆက် ဘယ်လောက်ရှိတယ် ဆိုတာတွေကို သမိုင်းကွင်းဆက် ပြတ်နေပါတယ်။ ထားဦးစို့။
ဆရာဦးအေးကို ဆောင်းပါးအရ ရေးမြို့ကို ပထမဆုံး တည်ထောင်သူက ထားဝယ်ခရိုင် လောင်းလုံး မြို့နယ် စဒီရွာတွင် စိုးစံသော မာယာဒေဝီ မင်းသမီးလို့ ဆိုတယ်။ ဆရာဦးမြင့်ဆွေ ကလည်း ထားဝယ် အဆက်အနွယ်ဝင် မာယာဒေဝီလို့ ဆိုတယ်။ စဒီဆိုတဲ့ ရွာကို ထားဝယ်မှာ ရှာကြည့်လို့ မတွေ့နိုင်ပါဘူး ။ လောင်းလုံးထဲမှာလည်း မတွေ့ရပါ။ စဒီနဲ့ အနီးစပ်ဆုံးက ဝေဒီ ပဲ ရှိတယ်။
ဝေဒီကို ဆရာကြီးထားဝယ်ကျော် မင်း အလိုအရ ကောဇာသက္ကရာဇ် ( ၅၉၀)ခု-ခရစ်နှစ် (၁၂၂၈ ခု) လို့ ဆိုတယ်။ ဆရာကြီး ရွှေဝယ်ဧက ကောဇာသက္ကရာဇ် ( ၇၉၂) ခု- ခရစ်နှစ် (၁၄၃၀)ခုလို့ ဆိုတယ်။ ထားဝယ် ဇာတ်လမ်းတစ်ပုဒ်ကို ဆရာကြီး ရွှေဝယ်ဧရဲ့ ထားဝယ် ရာဇဝင်သမိုင်း စာအုပ်မှာ တွေ့ရတယ်။ ဝေဒီ ဘုရင် စောသီလမင်း၊ သက်တော်စောင့် မောင်ဗအဲနဲ့ ဇနီး မယ်စော (စောပညာ လည်းခေါ်)တို့ ဖြစ်တယ်။ စောသီလ မင်းက မယ်စောကို လိုချင်လို့ ယောက်ျား ဖြစ်တဲ့ မောင်ဗအဲကို သတ်တယ်။ ဒီတော့ မယ်စောက လှေကြုံစီးပြီး ထွက်ပြေး တယ်။ စိန့်ပြည် ရောက်တယ်။ စိန့်ပြည် မှာလည်း မင်းမရှိလို့ မယ်စောကို ဘုရင်မအဖြစ် တင်မြောက်တယ်။ စိန့်ပြည်ဆိုတာ စိန်(ယူနန်ပြည်)လို့ ပညာရှင်တွေက သတ်မှတ်တယ်။ ဒီမယ်စောကဘဲ မုတ္တသုခနာဂရမြို့ကို တည်တဲ့ မင်းတရားရဲ့ ရောဂါပျောက် ကင်းအောင် ကုသပေးတာလည်း နောက်ဆက်တွဲ တွေ့ရပါတယ်။ ပြီးတော့ မင်းတရားနဲ့ လက်ထပ်ပြီး စိန့်ပြည်ကို ထွက်သွားတယ်လို့ ဆရာကြီး ရွှေဝယ်ဧ က ဆိုပါတယ်။
ဇာတ်လမ်းက ရှည်နေလို့ နိဂုံးချုပ် ရရင် ရေးမြို့ကို ထားဝယ် မင်းသမီးတည် တယ်။ ခုနှစ်တွေက ရှုပ်နေလို့ ခဏ ဘေးဖယ်ထားလိုက်ပါ။ နောက်မှ ဆက် စဉ်းစားပါမယ်။ ထားဝယ်မှတ်တမ်းတွေကလည်း ထားဝယ်သူတစ်ဦး ထားဝယ်ကနေ ထွက်ခွာသွားတယ်လို့ ဆိုတယ်။ စိန်ပြည် (ယူနန်)ကို လှေနဲ့သွားလို့ မရပါဘူး။ ရေးကို လှေနဲ့ အလွယ် သွားလို့ ရပါ တယ်။
ဒီနှစ်ခုဟာ ဆောင်းပါကလာတဲ့ အချက်အလက်တွေ ဖြစ်ပါတယ်။ နောက်တစ်ချက်က ရေးမြို့ စာတမ်း ဖတ်ပွဲ ပြုလုပ်ရာမှာ ဖတ်ကြားသွားတဲ့ စာတမ်းနဲ့ အခြားအချက်တွေကို ဆက်တင်ပြပေးပါမယ်။
ဒီနေရာမှာ တစ်ခုကြားဖြတ် မှတ်သားထားစေလိုတာက ယေးမြို့ကို ထားဝယ်မင်းသမီး တည်တယ် ဆိုတာကို မှတ်တမ်းတင်ရေးတဲ့ သူက စစ်ကဲတော် မင်းဦးရွှေနော် ဖြစ်ပါတယ်။ မဒမရာဇဝင်ချုပ်မှာလည်း ဖတ်မိသလို လို ရှိလို့ပါတယ်လို့ ထားကြပါဦးစို့။ မဒမရာဇဝင်ချုပ်မှာ ပါတာ မပါတာက အဓိကမဟုတ်ပါ။ မူလရေးသူက စစ်ကဲတော်မင်း ဦးရွှေနော် ရေးသား မှတ်တမ်းတင်ထားခြင်း ဖြစ်ပါတယ်။ ဒါကို မှတ်ထားပေးစေလိုပါတယ်။
တနင်္ဂနွေမင်းလက်ထက်တွင် ဟံသာဝတီ ဒဂုံ သန်လျင် မုတ္တမ ရေး ထားဝယ်မှစ၍ နိုင်ငံတော် အဝေးမြို့ရွာများမှ ထင်ရှား သော တန်ခိုးကြီးဘုရားများကို တစ်နှစ်လျင် တကြိမ်
သီတင်းကျွတ်လ အရောက်တွင် ပရိက္ခရာ အစုံနှင့် ရွှေထီး တံခွန် တန်ဆောင်း စသော အလှူတော်များကုုိ မှူးမတ် မြင်းသည်တို့ ကြတ်မတ်တင် လှူကြောင်း ဆိုသည်။
(ဦးသန်းထွဋ် ၂၀၁၅ ။ ၅)
.
ဝေဒီမင်းကြီး
ရေးမြို့ထဲကပေစာ စာတမ်းတွင် စစ်ကဲတော်မင်း ဦးရွှေနော် ရေးသား ထားသောစာကို စီစစ်ခြင်းမရှိပါပဲ ထိုအတိုင်းပင်လျင် သံယောင်လိုက်၍ ထပ်ဆင့် ရေးသားထားသောစာကို ထပ်မံကိုးကားထားတာကို တွေ့ရပါ တယ်။ စစ်ကဲတော်မင်းဦးရွှေနော် မှားယွင်းရေးသားခဲ့လေသလော နောက်လူတို့ စာကူးမှားလေသလော မပြောတတ်ပေ။ မှားသည်ဆို သော် လည်း အကြီးအကျယ် မှားယွင်းသည် မဟုတ်ပါ။ မြို့အမည် ဝေဒီ နှင့် ဒေဝီ ဟု မှားယွင်း ဖော်ပြခြင်းသာ ဖြစ်သည်။ စာစီစာရိုက် စာကူးသမား တစ်ဦးဦးမှ စတင်၍ အမှုမဲ့ အမှတ်မဲ့ မှားခဲ့သည် ဖြစ်မည်ဟု ယူဆပါသည်။ ထားဝယ် မြို့ဟောင်းအမည် မှားယွင်းခြင်းသာ ဖြစ်ပါတယ်။ ကျန်အချက်အလက်များမှာ ထားဝယ်ရာဇဝင်နှင့် ကိုက်ညီပါတယ်။
"ထားဝယ်ရှိ လောင်းလုံဒေသ ဒေဝီမြို့ကို ထီးနန်းပြု အုပ် ချုပ်ခဲ့သော ဓမ္မဒိန္နာမဟာ ရာဇာမင်းနှင့် မိဖုရား ပဒုမ္မာခေမာဒေဝီ တို့တွင် မာရဒေဝီ မည်သော သမီးတော် တစ်ပါး ရှိသည်" ဟု ဖော်ပြထားသည့် အချက်မှာလည်း မှားယွင်းလျက် ရှိပါ တယ်။ အမှန်မှာ ဝေဒီမင်းကြီးတွင် သမီးတော် သုံးပါး ရှိပါတယ်။
"မင်းနှင့် မိဖုရား နတ်ရွာလားပြီးနောက် သမီးတော် မာရဒေဝီ နန်းတက်သည်။ ထိုမှ တဖန် နန်းမြို့သစ်တည် ရန်အတွက် မြောက်ဘက်အရပ် ဖြစ်သော နောင် ရေးမြို့တွင်မည့်နေရာကို စစ်အင်္ဂါ လေးပါးနှင့်တကွ မှူးမတ် သေနာပတိ ရဟန်းရှင်လူ ပြည်သူတို့နှင့် အတူ ပြောင်း ရွှေ့ခဲ့သည်။
ကောဇာသက္ကရာဇ် ၉၄ ခုနှစ် တပေါင်းလဆုတ် (၂) ရက် သောကြာနေ့ နံနက် (၁) နာရီအချိန်တွင် မြို့သစ်ကို အုတ် မြစ်ချခဲ့သည်။ သက္ကရာဇ် ၉၅ ခုနှစ် ဝါခေါင်လတွင် မြို့သစ်ကို အဝိဇ္ဇာဇေယျပူရ ဟု သမုတ် ခဲ့သည်။ မာရဒေဝီဘုရင်မသည် ၃၅ နှစ်ကြာ နန်းစံခဲ့သည်။
ထားဝယ်ဘက်ရာဇဝင်နှင့် မွန်တို့ ရေးသော ရာဇဝင်နှစ်ရပ် မှာ ဒီအချက်အတွက် ဆက်စပ် ကိုက်ညီမှု ရှိနေသည်ကို တွေ့ရသည်။ AD-732 (😎 တွင် မာရဒေဝီ ထွက်ခွာလာသည်။ AD- 733(😎 တွင် ရေးမြို့ တည်သည်။
ရာဇဝင်လာ စကားများနှင့် ပြည်ပခေတ်ပြိုင်ဖြစ်သော ဒွါယဝတီ သမိုင်း တဆက်တစပ်တည်း ဖြစ်နေသည် ကို တွေ့ရပါလိမ့်မည်။ AD-8 သည် သာဂရတည်တဲ့ နှစ် ဖြစ်သည်။ ဒွါယဝတီ သာဂရ ရေး တို့သည် ခေတ်ပြိုင်ဖြစ် သည်။
ဝေဒီမင်းသမီးက ဘယ်နည်း ဘယ်ပုံ ကြောင့် လူတွေပါ တပါတည်း ခေါ်လာ ပြီး မြို့သစ်တည်သည့် အကြောင်းကို မသိရ။ ထားဝယ်ရာဇဝင်တွင်လည်း လှေဖြင့် စိန့်ပြည်ကို ထွက်သွားသည် ဟုသာ ရှိသည်။ ထိုမျှနှင့် ရပ်သွားသည် ဆက်လက် ဖော်ပြခြင်း မရှိတော့ပေ။ တရုတ်ကိုလှေဖြင့် ထွက်သွားသည် ဆိုတာ ထိုခေတ် ထိုအခါက ဆိုလျှင် ယုတ္တိ မတန်ပေ။ ရေးကိုတော့ဖြင့် ရေလမ်းဖြင့် အလွယ်သွားနိုင်ပေသည်။ ရာဇဝင်နှစ်ရပ်သည် ထားဝယ်သမိုင်း အတွက် ကွင်းဆက်တစ်ခု ဖြစ်လာပါ သည်။
သမီးတော်သုံးပါးရှိရာ တစ်ဦးက မှိုင်းကာရီရှင်မ ဖြစ်လာသည်။ နောက် တစ်ဦးမှာ ဝေဒီရှင်မ ဖြစ်လာသည်။ ထွက်သွားသည့် တစ်ယောက်က ရေးမြို့ ဘုရင်မ မာရဒေဝီ ဖြစ်လာခဲ့သည်။ ဘုရင်မ ဆိုသော်ငြားလည်း မြို့ငယ်လေး များ၏ ဘုရင်မများသာ ဖြစ်ရာ ကြီးကျယ်ခမ်းနားတဲ့ ဘုရင်မဟု မဆိုနိုင်။ မှိုင်းကာရီ (ပက္ကာရီ မြို့ဟောင်း) ပျက်ပြီး သာဂရဘက် နန်းလာတည်သည် ဆိုသော်လည်း မှိုင်းကာရီတွင် ရွာကြီး တစ်ရွာလောက် ကျန်နေခဲ့၍သာ အရှင်သခင်မ ဖြစ်နိုင်သည်။ လူများ အားလုံး ပြောင်းရွေ့လာသည်မဟုတ် ဆို တာ ပေါ်လွင်ပါသည်။ မှိုင်းကာရီနှင့် သာဂရ ဝေဒီ တို့သည် မိုင်အားဖြင့် ပျမ်းမျှ မိုင် ၂၀ နီးပါး လောက်ကွာသည်။ အားလုံး ပြောင်းကြခြင်းမဟုတ်ပါဘဲ ရွာစားမြို့စား ချန်ထားကာ ပြောင်းရွေ့ ကြခြင်း ဖြစ်သည်ကို သိနိုင်ပေသည်။
အာကာဖြိုး (ကံပေါက်)
