၁၃-၁၂-၂၀၂၃။ ဆဋ္ဌမအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကို ယနေ့ နံနက် ၈ နာရီခွဲက ထားဝယ်မြို့၊ မြို့တော်ခန်းမ ကျင်းပသည်။
ရှေးဦးစွာ ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို)အဖွဲ့က ထားဝယ်အမျိုးသားအလံတော်အား စင်မြင့်ထက်တွင် စိုက်ထူပြီး ဖိတ်ကြားထားသော ဧည့်သည်တော်များက အလံတော်အား အလေးပြုခဲ့ကြသည်။ ထို့နောက် ထားဝယ်လူမျိုးစုစည်းမှုကော်မတီ(ဗဟို) သြဝါဒစရိယဆရာတော်ဘဒ္ဒန္တဣန္ဒေါဘာသ (ရတနာ၊ထားဝယ်)က သြဝါဒကထာ မြွက်ကြားပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးမဟာသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ ပေးပို့လာသော သဝဏ်လွှာအား ထားဝယ်လူမျိုးစုစည်းမှု ကော်မတီ (ဗဟို)ဦးစီးနာယက၊ ဂုဏ်ထူးဆောင်ဥက္ကဋ္ဌ၊ သီဟသုဓမ္မမဏိဇောတဓရ၊ ဒုတိယဗိုလ်မှူးကြီး တင်မြ (ငြိမ်း) က ဖတ်ကြားသည်။ ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်၊ သီရိပျံချီဦးမြတ်ကိုက ထားဝယ်လူမျိုးစုစည်းမှုကော်မတီက ဦးဆောင်၍ ထားဝယ်လူမျိုးများစုစည်းပြီး ထားဝယ်အမျိုးသားညီလာခံကို အောင်မြင်အောင် ကျင်းပနိုင်ခဲ့သော နတ်တော်လဆန်း (၁) ရက်နေ့ကို ထားဝယ်အမျိုးသားနေ့အဖြစ် သတ်မှတ်ပြီး ကျင်းပလာခဲ့သည်မှာ ယနေ့ဆိုရင် (၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်ကြောင်း၊ သမိုင်းအထောက် အထားများအရ ကောဇာသက္ကရာဇ် ၁၁၁၆ ခုနှစ်၊ တပေါင်းလဆန်း (၁၃)ရက်နေ့တွင် ထားဝယ်မြို့အား စတင်တည်ထောင်ခဲ့ပြီး “ဥဩအော်သည်ထားဝယ်တည်” ဟုဆိုကြကြောင်း၊ ထားဝယ်လူမျိုးများ မူလအစကတည်းက နေထိုင်ကြသောကြောင့် မြို့နာမည်ကို ထားဝယ်မြို့ဟု လိုက်ပါခေါ်ဆိုခြင်းဖြစ်ကြောင်း၊ ထားဝယ်လူမျိုး ပေါ်ပေါက်လာပုံ သမိုင်းကြောင်းအား ရှင်းလင်းပြောကြားပြီး၊ ထားဝယ်သူ/သားများက ရှေးဘိုးဘွားဘီဘင်များ၏ သမိုင်းအစဉ်အလာအား သိရှိထားပြီး လက်ဆင့်ကမ်းထိန်းသိမ်းထားရန် လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ရိုးရာယဉ်ကျေးမှုပွဲတော်၊ ဘာသာရေးပွဲတော်များ၊ ပျော်ပွဲရွင်ပွဲများကို ကျင်းပဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း၊ ဒေသ၏ဖွံ့ဖြိုးတိုးတက်မှု၊ ဒေသ၏သာယာဝပြောမှု၊ ဒေသမှာရှိသော အလုပ်အကိုင် အခွင့်အလမ်းများ၊ ပညာရေး၊ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်းများကို ဝိုင်းဝန်းဆောင်ရွက်ပေးကြရန်လိုအပ်ကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။ ဆက်လက်၍ တိုင်းရင်းသားလူမျိုးရေးရာဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးJeng Phan နော်တောင် မှပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီး တိုင်းရင်းသားရေးရာဝန်ကြီး ဦးစောမာတင်လူသာ က ဖတ်ကြားပြီး ထားဝယ်လူမျိုး စုစည်းမှုကော်မတီ(ဗဟို)နာယက ဦးအောင်မြင့်က ထားဝယ် အမျိုးသားနေ့ ဖြစ်ပေါ်လာပုံနှင့် အခမ်းအနား ကျင်းပရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဆရာတော်၊သံဃာတော်များအား လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ သတိုးမဟာသီရိသုဓမ္မဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့်ဇနီးမှ ထားဝယ်အမျိုးသားနေ့အတွက် လှူဒါန်းသော (၇၅) သိန်းကျပ်အား ဝန်ကြီးချုပ် ဦးမြတ်ကို က ပေးအပ်ရာ ဒုတိယဗိုလ်မှူးကြီးတင်မြ(ငြိမ်း)က လက်ခံရယူပြီး ဂုဏ်ပြု မှတ်တမ်းလွှာ ပြန်လည်ပေးအပ်ခဲ့သည်။ ယင်းနောက် တာဝန်ရှိသူများက ကြက်ခြေနီအသင်းအား ဂုဏ်ပြုဆုချီးမြှင့်ပြီး ထားဝယ်အမျိုးသားနေ့ အထိမ်းအမှတ် ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲတွင် ပထမဆု၊ ဒုတိယဆုနှင့် တတိယဆု ရရှိသော အသင်းများအား ဆုဖလား၊ ဆုတံဆိပ်နှင့် ငွေသားဆုများချီးမြှင့်ကာ ကော်မတီ(ဗဟို) ဥက္ကဋ္ဌဦးအောင်မျိုးက ထားဝယ်အမျိုးသားနေ့ အခမ်းအနား ကျင်းပနိုင်သည့်အတွက် ကျေးဇူးတင်စကား ပြောကြားသည်။ ဆက်လက်၍ တက်ရောက်လာသော ဧည့်သည်တော်များအား ထားဝယ်ရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြပြီး တိုင်းဒေသကြီးအစိုးရအဖွဲ့က ဇေယျဝတီကျောင်းတိုက်၌ သံဃာ့တော်များအား နေ့ဆွမ်းဆက်ကပ်ပြီး ဒေသခံပြည်သူများအား နေ့လည်စာဖြင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သတင်းရသည်။ ကျော်ကျော်လတ် (ပြန်/ဆက်)၂၃-၁၁-၂၀၂၂။ ထားဝယ်မြို့တွင် ပဥ္စမအကြိမ် ထားဝယ် အမျိုးသားနေ့ အခမ်းအနား ကျင်းပ
၈-၁၂-၂၀၂၁။ စတုတ္ထအကြိမ် ထားဝယ်အမျိုးသားနေ့ ကျင်းပ
၁၆-၁၂-၂၀၂၀။ ထားဝယ်မြို့တွင် တတိယအကြိမ် ထားဝယ်အမျိုးသားနေ့ အခမ်းအနားကျင်းပ။
၂၇-၁၁-၂၀၁၉။ ထားဝယ်အမျိုးသားနေ့ ကျင်းပခဲ့ပါသည်။
၈-၁၂-၂၀၁၈။ ထားဝယ်အမျိုးသားနေ့အခမ်းအနားကျင်းပ
ထားဝယ်အမျိုးသား ညီလာခံတစ်ရပ်ကျင်းပရန်၊ ထားဝယ်လူမျိုးတို့၏ ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ်ထိန်းသိမ်းရန်၊ ထားဝယ်လူမျိုးများအကြားတွင် အမျိုးသားရေး နိုးကြားလာစေရန်၊ ထားဝယ်လူမျိုးများကို စုစည်းပြီး ယင်းစုစည်းရရှိသော အင်အားစုဖြင့် ထားဝယ်လူမျိုးရေးနှင့် ပတ်သက်သည့် ကိစ္စရပ်များကို စုစည်းညီညွတ်စွာ လုပ်ဆောင်သွားရန် ရည်ရွယ်ချက်ဖြင့် ထားဝယ်အမျိုးသားနေ့အခမ်းအနားကို ဒီဇင်ဘာ ၈ ရက်နံနက်ပိုင်းတွင် တနင်္သာရီတိုင်းဒေသကြီး၊ ယဉ်ကျေးမှုပြတိုက်၌ ပြုလုပ်ကျင်းပသည်။ ရှေးဦးစွာ ဇေယျဝတီ ကျောင်းတိုက်ဆရာတော်ဘဒ္ဒန္တသူရိယ သြဝါဒစကား ပြောကြားပြီး သဘာပတိအဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး တင်မြ(ငြိမ်း) က ထားဝယ်အမျိုးသားနေ့ ဖြစ်ပေါ်လာပုံအကြောင်း ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးတီခွန်မြတ်မှ ပေးပို့လာသော သဝဏ်လွှာအား တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ဖတ်ကြားပြီး တာဝန်ရှိသူများက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်မှ ပေးပို့သော သဝဏ်လွှာနှင့် ပြည်ထောင်စု တိုင်းရင်းသား လူမျိုးများရေးရာ ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး နိုင်သက်လွင်မှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားကြသည်။ ၎င်းနောက် အလေးပြုခြင်းနှင့် အလံတင်ခြင်း အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဒုတိယဗိုလ်မှူးကြီး ဦးတင်မြ (ငြိမ်း) မှ ဦးဆောင်၍ ထားဝယ်အမျိုးသားအလံအား ယာဉ်ကျေးမှုပြတိုက်ရှေ့ နိုင်ငံတော်အလံဘေးတွင် တင်ခဲ့ပြီး တက်ရောက်လာသူများနှင့် နိုင်ငံတော်အလံနှင့် ထားဝယ်အမျိုးသားအလံတို့အား အလေးပြုခဲ့ကာ အောင်ပြီ (၃)ကြိမ် ကြွေးကြော်ခဲ့ကြသည်။ ဆက်လက်၍ တာဝန်ရှိသူများက ထားဝယ်အသင်း (မန္တလေး)မှ ပေးပို့သော သဝဏ်လွှာ၊ ထားဝယ်အသင်း (မော်လမြိုင်)မှ ပေးပို့သော သဝဏ်လွှာ၊ ထားဝယ်လူမျိုး တိုးတက်ရေးအသင်း (ထိုင်းနိုင်ငံ) မှ ပေးပို့သော သဝဏ်လွှာ ထားဝယ်တိုင်းရင်းသားများပါတီ (ဗဟို) မှ ပေးပို့သော သဝဏ်လွှာများအား ဖတ်ကြားခဲ့ကြပြီး ထားဝယ်လူမျိုးစုစည်းမှု ကော်မတီသတင်းနှင့် ပြန်ကြားရေးတာဝန်ခံ ဦးအောင်မျိုးက အခမ်းအနား ကျင်းပရခြင်းနှင့်ပတ်သတ်၍ ရှင်းလင်းပြောကြား၍ ထားဝယ်လူမျိုးစုစည်းမှု ညှိနှိုင်းရေးမှူး ဦးတင့်လွင်က ထားဝယ်လူမျိုး ဖြစ်ပေါ်လာပုံအကြောင်းအား ရှင်းလင်းပြောကြားသည်။ ယင်းနောက် ဆရာတော် ဘန္ဒန္တဣဘာသက ကျေးဇူးတင်စကားပြောကြားပြီး တက်ရောက်လာသူများက ယဉ်ကျေးမှုပြတိုက်အတွင်း ထားဝယ်လူမျိုးပြကွက်များအား လှည့်လည်ကြည့်ရှုကာ ထားဝယ်ရိုးရာယဉ်ကျေးမှုအကအဖွဲ့မှ ယမ်းအကနှင့် ရေအိုးရွက်အကများဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သတင်းရရှိသည်။ ထားဝယ်ခရိုင်(ပြန်/ဆက်)
၁၈-၁၁-၂၀၁၇။ ထားဝယ်အမျိုးသား ညီလာခံကို ကျင်းပခဲ့ပါသည်။
ထားဝယ်အမျိုးသားနေ့၊ အမျိုးသားအလံ၊ အမျိုးသားတံဆိပ် ပေါ်ပေါက်နိုုင်ဖိုု့နဲ့ ထားဝယ် စကား၊ စာပေနဲ့ ထားဝယ်ရိုးရာယဉ်ကျေးမှုတွေကိုု ဖော်ထုုတ်မြှင့်တင်နိုုင်ဖိုု့ ရည်ရွယ်ပြီး ပထမဆုုံးအကြိမ် ထားဝယ်အမျိုးသားညီလာခံကိုု ကျင်းပနေပါတယ်။ တနင်္သာရီတိုုင်းဒေသကြီး၊ ထားဝယ်မြို့၊ ရွှေဝယ်သီရိ အားကစားခန်းမမှာ နိုုဝင်ဘာ ၁၈ ရက်နေ့က စတင်ကျင်းပနေတာပါ။ နိုဝင်ဘာ ၁၈ ရက်နေ့ကနေ ၁၉ ရက်နေ့အထိ ကျင်းပမယ့် ဒီညီလာခံမှာ ထားဝယ်လူမျိုး၊ ထားဝယ်ဒေသယဉ်ကျေးမှု၊ ထားဝယ်ဝေါဟာရ သမိုုင်းလေ့လာချက်စာတမ်းတွေကိုု တင်သွင်းဖတ်ကြားသွားမယ်လိုု့ သိရပါတယ်။ အခုုကျင်းပနေတဲ့ ညီလာခံကိုု သံဃာတော်တွေနဲ့ ထားဝယ်လူမျိုး တစ်ထောင်နီးပါး တက်ရောက်ဆွေးနွေးနေကြတာပါ။ တနင်္သာရီတိုုင်းဒေသကြီးအပါဝင် မြန်မာနိုင်ငံအရပ်ရပ်က ထားဝယ်လူမျိုးတွေ လာရောက်စုုဝေးပြီး ညီလာခံကို ကျင်းပနေတာပါ။ သတင်းနှင့်ဓာတ်ပုံ - ကျော်စိုး







