ထားဝယ်လူမျိုးနှင့် ထားဝယ်ဒေသမှ ယဉ်ကျေးမှု အထောက်အထားများ လေ့လာချက်

ထားဝယ်လူမျိုးနှင့် ထားဝယ်ဒေသမှ ယဉ်ကျေးမှု အထောက်အထားများ လေ့လာချက်

တင်ပြသူ။ ဦးကျော်ခိုင် 


စာတမ်းအကျဉ်းချုပ်

ထားဝယ်ခရိုင်သည် မြန်မာနိုင်ငံ၏တောင်ဘက်ပိုင်း တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိပါသည်။ ထားဝယ်ဒေသ၏ သမိုင်းဖြစ်စဉ်ကိုလေ့လာကြည့်လျင် ထားဝယ်ဒေသ၏ သဘာဝသယံဇာတပေါကြွယ်ဝမှု ကြောင့် ခေတ်အဆက်ဆက်တွင် ဘေးပတ်ဝန်းကျင်အင်အားကြီးဒေသများ၏လွှမ်းမိုးမှုကိုခံခဲ့ရပါသည်။ ထားဝယ် ဒေသတွင် ကျောက်ခေတ်နှင့် ပျူခေတ်ကာလ ယဉ်ကျေးမှုအထောက်အထားများမှသည် ရတနာပုံ ခေတ်အထိ တိုင်အောင် ယဉ်ကျေးမှုအထောက်အထားများပေါကြွယ်ဝစွာတွေ့ရပြီး ပတ်ဝန်းကျင်ဒေသများ၏ လွှမ်းမိုးမှုကို ခံခဲ့ရသည်တိုင် ထားဝယ်လူမျိုးတို့သည် ကိုယ်ပိုင်ယဉ်ကျေးမှုများဖြင့် ထားဝယ်ဒေသ တိုးတက်ရေး အတွက် ခေတ်အဆက်ဆက်ဆောင်ရွက်ခဲ့ကြသည်။ ထားဝယ်တို့၏ မူရင်းဒေသမှာ လက်ရှိမွန်ပြည်နယ်အတွင်း ဖြစ်နိုင်ပြီး ပျူခေတ်ထွန်းကားစဉ်အတွင်း ထားဝယ်လူမျိုးတို့သည် လက်ရှိမွန်ဒေသတွင် ယဉ်ကျေးမှုမြင့်မားစွာ ဖြင့်ရပ်တည်ခဲ့ပြီး အခြားသော ပျူမြို့ပြနိုင်ငံများနှင့် ကုန်စည်နှင့် ယဉ်ကျေးမှုဖလှယ်ခဲ့ကြသည်။ အေဒီ ၆ ရာစု နှောင်းပိုင်း  မွန်တို့ဝင်ရောက်လာသောအခါ လက်ရှိထားဝယ်ဒေသသို့ဆုတ်ခွာလာပြီး ပျူခေတ်ယဉ်ကျေးမှုကို ဆက်လက် ရှင်သန်ရန်လုပ်ဆောင်လာခဲ့သည်ကို တွေ့နိုင်ပါသည်။ ပုဂံခေတ်ကျောက်စာအထောက်အထား များအရ ထားဝယ် လူမျိုးအသုံးအနှုံးကိုတွေ့ရသဖြင့် နောက်အကျဆုံး ပုဂံခေတ်ဦးပိုင်းကာလကတည်းကပင် ထားဝယ်လူမျိုးအဖြစ် ပတ်ဝန်းကျင်ဒေသများမှ ခေါ်ဝေါ်နေသည်ကိုတွေ့နိုင်ပါသည်။ ထားဝယ်ဒေသမှတွေ့ရ သော ထားဝယ်လူမျိုးတို့၏ ကိုယ်ပိုင်ဒင်္ဂါးများက ထားဝယ်ဒေသ၏ကုန်စည်ဖွံ့ဖြိုးစည်ပင်ခဲ့မှုကို ညွှန်ပြနေပါ သည်။

နိဒါန်း

ထားဝယ်ခရိုင်သည် တနင်္သာရီတိုင်းအတွင်းတည်ရှိပြီ ထားဝယ်မြို့နယ်၊ လောင်းလုံးမြို့နယ်၊ သရက်ချောင်းမြို့နယ်နှင့် ရေဖြူမြို့နယ်ဟူ၍ မြို့နယ် (၄) မြို့နယ်ဖြင့် ဖွဲ့စည်းထားပါသည်။ ထားဝယ်ခရိုင်၏ မြောက်ဘက်တွင် မွန်ပြည်နယ်၊ တောင်ဘက်တွင် ပုလောမြို့နယ် (မြိတ်ခရိုင်)၊ အရှေ့ဘက်တွင် ထိုင်းနိုင်ငံ၊ အနောက်ဘက်တွင် ကပ္ပလီပင်လယ်တို့ က ၀ိုင်းရံထားပါသည်။ ထားဝယ်မြို့သည် တနင်္သာရီတိုင်းဒေသကြီး၏ မြို့တော်ဖြစ်ပြီး မြောက်လတ္တီကျု ၁၄ ဒီဂရီ၊ ၄ မိနစ်၊ ၅၅.၃၂ စက္ကန့်နှင့် အရှေ့လောင်ဂျီကျု ၉၈ ဒီဂရီ၊ ၁၁ မိနစ်၊ ၃၁.၀၈ စက္ကန့်အကြားတွင်တည်ရှိသည်။ ထားဝယ်ဒေသသည် ယဉ်ကျေးမှုအမွေအနှစ်ပေါကြွယ်ဝသော ဒေသ တစ်ခုဖြစ်သည်။ ထားဝယ်ဒေသ တွင် လက်ရှိတွေ့ရှိရသမျှ ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထား များအရ ကျောက်ခေတ်သစ်မှသည် ရတနာပုံခေတ်အထိ ခေတ်အဆက်ဆက် ယဉ်ကျေးမှုအစဉ်အဆက် ထွန်းကားခဲ့သော ဒေသတစ်ခုဖြစ်ပါသည်။

ထားဝယ်ဒေသသည် မြန်မာနိုင်ငံနယ်နိမိတ်အတွင်းတည်ရှိပြီး အရှေ့ဘက်တွင် ထိုင်းနိုင်ငံနှင့် မြောက်ဘက်တွင် မွန်ပြည်နယ်တည်ရှိသည်။ ထားဝယ်ဒေသ၏ မြေဆီသြဇာကောင်းမွန်သော လယ်မြေများ တည်ရှိမှု၊ သယံဇာတပေါကြွယ်ဝမှု၊ ငါးဖမ်းလုပ်ငန်းနှင့် ရေကြောင်းကုန်သွယ်မှုအတွက်အရေးပါသော ပင်လယ် ထွက်ပေါက်တည်ရှိမှုကြောင့် ခေတ်အဆက်ဆက်တွင် ပတ်ဝန်းကျင်ရှိအင်အားကြီးဒေသများ၏ လွှမ်းမိုးမှုကို ခံခဲ့ရပါသည်။

သမိုင်းမှတ်တမ်းများအရ ၁၁ ရာစုမှ ၁၃ ရာစုအတွင်း ထားဝယ်ဒေသသည် ပုဂံအင်ပါယာအတွင်း တည်ရှိခဲ့သည်။ ၁၂၈၇ - ၁၅၆၄ ခုနှစ်အတွင်း ထားဝယ်ဒေသမှာ ယိုးဒယားတို့၏ အုပ်ချုပ်မှုအောက်ကျရောက် ခဲ့ပါသည်။ ၁၅၆၄ - ၁၅၉၄ အတွင်းတွင် ထားဝယ်ဒေသမှာ တောင်ငူအင်ပါယာ၏ အုပ်ချုပ်မှုအောက်တွင်တည် ရှိခဲ့သည်။ ၁၅၉၄ - ၁၆၁၄ တွင် ထာဝယ်ဒေသမှာ ယိုးဒယားတို့၏အုပ်ချုပ်မှုအောက် ခေတ္တကျရောက်ခဲ့ပါ သည်။ ၁၆၁၄ - ၁၇၄၀ အတွင်း တွင် ထားဝယ်ဒေသမှာ မြန်မာနိုင်ငံ၏ တောင်ဘက်နယ်နိမိတ်အဖြစ်တည်ရှိခဲ့ပါ သည်။ မွန်မြန်မာစစ်ပွဲကာလ ၁၇၄၀ မှ ၁၇၅၇ ခုနှစ်အတွင် ထာဝယ်ဒေသမှာ ထိုင်းတို့၏ အုပ်ချုပ်မှုအောက် ကျရောက်ခဲ့ပါသည်။ ၁၇၆၀ မှ စတင်ပြီး ထာဝယ်ဒေသမှာ မြန်မာနိုင်ငံနယ်နိမိတ်အတွင်း ပြန်လည်ရောက်ရှိခဲ့ပါ သည်။ အင်္ဂလိပ် - မြန်မာ ပထမ စစ်ပွဲ ၁၈၂၄ - ၁၈၂၆ အပြီးတွင် ထားဝယ်ဒေသမှာ အင်္ဂလိပ်တို့၏ အုပ်ချုပ်မှု အောက်ရောက်ရှိခဲ့သည်။ ထို့ ကြောင့် ထားဝယ်ဒေသ၏ မြန်မာ - ထိုင်း နယ်နိမိတ်တွင်တည်ရှိမှုနှင့် သဘာဝ အရင်းအမြစ်ပေါကြွယ်ဝမှုက ထားဝယ်ဒေသကို အိမ်နီးချင်းနိုင်ငံများ၏ စိတ်ဝင်စားလွှမ်းမိုးခြင်းကို ခံခဲ့ရပါသည်။

၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးနောက် လက်ရှိမွန်ပြည်နယ်မှာ တနင်္သာရီတိုင်းဒေသကြီးအတွင်းတည်ရှိ ခဲ့ပြီး ၁၉၇၄ ခုနှစ်မှစတင်၍ မွန်ပြည်နယ်မှ တနင်္သာရီတိုင်းဒေသကြီးအောက်မှ ခွဲထွက်၍ သီးခြားပြည်နယ်တစ်ခု အဖြစ်ရပ်တည်ခဲ့ပြီး ထားဝယ်မြို့မှာ တိုင်းဒေသကြီးမြို့တော်ဖြစ်ခဲ့သည်။ ၁၉၈၉ ခုနှစ်တွင် ထားဝယ်မြို့ကို အင်္ဂလိပ်လို Tavoy ဟုရေးသားရာမှ Dawei သို့ပြောင်းလဲရေးသားခဲ့ပြီး တနင်္သာရီကို အင်္ဂလိပ်လို Tenasserim ဟုရေးသားရာမှ Tanintharyi သို့ပြောင်းလဲရေးသားခဲ့သည်။

ထားဝယ်လူမျိုးသမိုင်း

လူသားများ၏ မူလနေထိုင်ရာနှင့် ရွှေ့ပြောင်းမှုလမ်းကြောင်းကိုလေ့လာရာတွင် လူသားမျိုးနွယ်သမိုင်း လေ့လာမှုသည် အလွန်အရေးကြီးပါသည်။ လူသားမျိုးနွယ်စုအနေဖြင့် ထားဝယ်၊ မြိတ်၊ အင်းသား၊ ဓနု၊ ယောသား၊ ရခိုင်၊ ဗမာ စသည့် လူမျိုးများမှာ တိဘက် - မြန်မာ နွယ်ဝင် (Tibeto – Burman) လူမျိုးများ ဖြစ်ကြ ပြီး မွန်လူမျိုးများနှင့် တိုင်းရှမ်းများမှာ အော်စတိုအေရှတစ် (Austroasitic) အနွယ်ဝင်လူမျိုးများဖြစ်ကြသည်။ ထားဝယ်၊ မြိတ်၊ အင်းသား၊ ဓနု၊ ယောသား၊ ရခိုင်၊ ဗမာ စသည့် လူမျိုးများမှာ တိဘက် - မြန်မာ နွယ်ဝင်လူမျိုးများဖြစ်ကြသောကြောင့်လည်းကောင်း၊ ဘာသာစကား နီးစပ်တူညီမှုရှိသောကြောင့်လည်းကောင်း အတိတ်တစ်ချိန်က ထိုလူမျိုးများသည် နယ်မြေတစုတစည်းထဲဆက်စပ်နေထိုင်ခဲ့ကြောင်းဖော်ပြနေပေသည်။ 

ပျူယဉ်ကျေးမှုပျံနှံ့မှုကို လေ့လာကြည့်လျင် မြန်မာနိုင်ငံအလယ်ပိုင်းတွင်ပေါများစွာတွေ့ရပြီး ကျိုက္ကသာ၊ ဝင်းက၊ အရက်သမ၊ ဇုတ်သုတ်၊ ဘီးလင်း၊ သထုံး စသည့် မွန်ယဉ်ကျေးမှုထွန်းကားရာဒေသများတွင်လည်း အေဒီ ၄ ရာစုမှ ၆ ရာစုခန့်ကာလအတွင်းတွင် ပျူယဉ်ကျေးမှုအထောက်အထားများကိုပေါများစွာတွေ့ရပြီး မွန်ယဉ်ကျေးမှုအထောက်အထားများကို အေဒီ ၆ ရာစု နောက်ပိုင်းတွင်မှတွေ့ရသည်။ 

ခရစ်နှစ်အစောပိုင်းကာလ မွန်-ခမာမျိုးနွယ်များဖြစ်သည့် ဖူနန်အင်ပါယာအင်အားကောင်းလာပြီး ဖူနန်စစ် သည်တို့ ဗိဿနိုးသို့ဝင်ရောက်တိုက်ခိုက်ခဲ့သော ကာလသည် ခရစ်နှစ် (၂၀၅ - ၂၂၅) အတွင်းဖြစ်သည်။  နောက်ဆုံး၌ ချင်ယီစိန်၏ တရုတ်မှတ်တမ်းကို ဖတ်ရှုချက်အရ သရေခေတ္တရာမှ ပျူတပ်များက ဗိဿနိုးကို တိုက်ခိုက်သဖြင့်မြို့ပျက်သုန်းခဲ့ရကြောင်းသိရသည်။ အေဒီ ၂၀၅ - ၂၁၀ တွင် ဖူနန်ဘုရင် ‘ ဖန်ရှီမန်’ (သီရိမာယာ) ၏ ဗိဿနိုးကို လာရောက်တိုက်ခိုက်သည့်အကြောင်း ဖူနန်မှတ်တမ်းတွင် မတွေ့ရပေ။ အေဒီ ၂၀၅ - ၂၁၀ တွင် ဖူနန်ဘုရင် ‘ ဖန်ရှီမန်’ (သီရိမာယာ) ၏ ဗိဿနိုးကို လာရောက်တိုက်ခိုက်သည့်အကြောင်း ဖူနန်မှတ်တမ်းတွင် မတွေ့ရပေ။ 

အေဒီ ၆ ရာစုမတိုင်မီ ပျူအထောက်အထားများကို ကျိုက္ကသာ၊ ဝင်းက၊ သထုံစသည့်မွန်ယဉ်ကျေးမှု ထွန်းကားရာဒေသ များတွင် ပျူယဉ်ကျေးမှုအထောက်အထားများကို ပေါများစွာတွေ့ရပြီး အေဒီ ၆ ရာစု နှောင်းပိုင်းမှ ထိုဒေသတွင် မွန်ယဉ်ကျေးမှုအထောက်အထားများစတင် တွေ့ရှိရပြီး ကျိုက္ကသာဒေသ၌ ဒေသဆိုင်ရာပုံပြင်တို့တွင် အသားမင်းသားနှင့် လက်ထပ်လိုသော ကမ္ဘောဒီးယားမင်းသမီးအကြောင်း ပါရှိသည်။  ဝင်းကမှ ပြတင်းတံခါးပုံရုပ်ချပ်များသည် ကမ္ဘောဒီးယားနိုင်ငံ ‘ဆမ်ဘောပရေကွတ်’ နှင့် ‘ပရိုင်ကမန်’ မှ အေဒီ ၇ ရာစုလက်ရာ ထုတ်တန်းဒီဇိုင်းများနှင့်ဆင်တူသည်။  အခြားတူညီမှုမှာ ‘ဆမ်ဘောပရေကွတ်’ ရှိ အုတ်ချပ်ပေါ်မှ လူနှစ်ယောက်ခြင်္သေ့တစ်ကောင်နှင့် သတ်ပုတ် နေပုံဖြစ်သည်။ ဤ တံခါးထုတ်တန်းပေါ်မှ အဆင်တန်ဆာတို့သည် ပရိုင်ကမန်’ အေးဒီ ၆၃၅ - ၇၀၀၊ ‘ဆမ်ဘော နှောင်းခေတ်’ အေဒီ ၆၀၀ - ၆၅၀ မှ ဓမ္မစကြာပုံပေါ်မှ စက်ဝိုင်းပုံ၊ မှန်ကူကွက်ပုံများနှင့်လည်းဆင်တူသည်။  ထိုင်းနိုင်ငံမြောက်ပိုင်း ဟရိဘုံဇရမှ မွန်များသည် ဝမ်းရောဂါကြောင့် မြန်မာနိုင်ငံသို့ပြောင်းရွှေ့လာကြသည် ဟုဆိုသည်။ အထက်ပါအချက်များအရ မွန်တို့သည် လက်ရှိမွန်ပြည်နယ်သို့ အေဒီ (၆)ရာစုကာလနှောင်းပိုင်းမှ ဝင်ရောက်လာခြင်းဖြစ်သည်။ ဟရိဘုံဇရ မှ မွန်များ လက်ရှိမွန်ပြည်နယ်အတွင်းသို့ ရွေ့လျားရောက်ရှိလာခြင်းဖြစ်ပါက Camadevivamsa  နှင့် Jinakalamalia ရာဇဝင်အရ ဟရိဘုံဇယကို 629 CE တွင် ရသေ့ Suthep ကတည်သည်ဟုပါရှိသည်။ ထို့ ကြောင့်မွန်လူမျိုးများသည် 629 CE နောက်ပိုင်း (၇) ရာစုအတွင်းမှ မွန်ပြည်နယ်အတွင်း ဝင်ရောက်လာသည်ဟု ယူဆရပါသည်။

တိဘက်မြန်မာအုပ်စုဝင်တူညီမှု၊ ဘာသာစကားနီးစပ်တူညီမှုများအရ ထားဝယ်နှင့် မြိတ်လူမျိုးများမှာ မူလက ပျူ၊ ရခိုင်၊ ဗမာ၊ အင်းသား၊ ဓနုလူမျိုးများနှင့် နယ်မြေချင်းဆက်စပ်လျက် အတူတကွနေထိုင်ခဲ့မည် ဖြစ်ပါသည်။ ယခုအခါ ထားဝယ်နှင့် မြိတ်လူမျိုးများမှလွဲ၍ ကျန်မြန်မာစကားပြောဆင်တူသော လူမျိုးများမှာ နယ်မြေချင်းတဆက်တစပ်ထဲတည်ရှိနေထိုင်လျက်ရှိသောကြောင့် ထားဝယ်နှင့် မြိတ်လူမျိုးများသာ မူလနေရာမှ ရွေ့လျားလာသည်ဟုယူဆရပါသည်။ 

မှန်နန်းရာဇဝင်တော်ကြီး (ပထမတွဲ) တမ္ပဒီပပျူအပိုဒ်တွင် ရတနာပူရ သူနာပရန္တပြည်ကြီးသည် ကလာဗုမင်းလက်ထက်တွင် ပြည်ပျက်သည်။ လူတို့သည် သုံးစုသုံးမျိုးကွဲလေကုန်သည်။ ရခိုင်ဓညဝတီသို့ တစ်စု၊ တနင်္သာရီသို့တစ်စု၊ ထားဝယ်သို့တစ်စုကွဲ၍ ကြမ္မာသုံးမျိုး ဖြစ်ကြကုန်သည်ဟုဖော်ပြထားပါသည်။

အထက်ပါအချက်များအရ ပျုခေတ်ကာလအတွင်း ထားဝယ်နှင့် မြိတ်လူမျိုးများ၏ မူလနေရာမှာ လက်ရှိ မွန်ပြည်နယ်အတွင်းဖြစ်ပြီး ထိုကာလအတွင် မြန်မာနိုင်ငံအလယ်ပိုင်း ပျူမြို့ဟောင်းများရှိရာဒေသ၊ ရခိုင်ဒေသ၊ အင်းလေးအိုင်ပတ်ဝန်းကျင်ဒေသနှင့် မွန်ပြည်နယ်ဒေသတို့တွင် ပျူ၊ ရခိုင်၊ ဗမာ၊ ယောသား၊ ဓနု၊ အင်းသား၊ ထားဝယ်၊ မြိတ်လူမျိုးများ နေထိုင်ခဲ့ပြီး ပျူယဉ်ကျေးမှုပျံ့နှံ့ကာ ဒေသတစ်ခုနှင့်တစ်ခု အပြန်အလှန် ကုန်စည်ကူးသန်းရောင်းဝယ်မှုရှိခဲ့မည်ဟု ယူဆရသည်။ ပျူလူမျိုးများမှအပ ကျန်သည့်လူမျိုးများမှာ မြန်မာ စကားကို ပြောဆိုသုံးစွဲခဲ့မည်ဖြစ်သော်လည်း မြန်မာစာအရေးအသားကို ရေးသားတီထွင်နိုင်ခြင်းမရှိသေးပေ။ ထိုကြောင့် ရခိုင်ပြည်နယ်တွင်နေထိုင်သော ရခိုင်တိုင်းရင်းသားများမှာ အက္ခရာရေးသားမှတ်တမ်းတင်ရာတွင် ပါဠိဘာသာစကားကို ဗြမဟီအက္ခရာဖြင့် ရေးသားမှတ်တမ်းတင်ခဲ့သည်။ မွန်ဒေသတွင်နေထိုင်သူများသည် ပါဠိဘာသာစကားကို ပလက်ဝအက္ခရာဖြင့်ရေးသားမှတ်တမ်းတင်ခဲ့ကြသည်။ ပျူကျောက်စာအများစုကို သရေ ခေတ္တရာမြို့ဟောင်းတွင်အဓိကတွေ့ရသောကြောင့် ပျူလူမျိုးများသည် သရေခေတ္တရာ ပတ်ဝန်းကျင်တွင် အဓိကနေထိုင်ခဲ့ကြသည်။ ပျူလူမျိုးများမှာ လူနည်းစုဖြစ်သော်လည်း မြန်မာနိုင်ငံအတွင်းတွင် ဘာသာစကားနှင့် စာပေအရေးအသားအစောဆုံးတတ်မြောက်သောလူမျိုးဖြစ်ခြင်းနှင့် ယဉ်ကျေးမှုမြင့်မားခြင်းတို့ကြောင့် ကြီးမား သော မြို့ပြနိုင်ငံတော်နှင့် ခန့်ငြားထည်ဝါသော ယဉ်ကျေးမှုအဆောက်အအုံများကိုတည် ဆောက်ခဲ့ကြပြီး ဋ္ဌာနေအခြားသောတိဗက်မြန်မာနွယ်ဝင်လူမျိုးများကို ယဉ်ကျေးမှုအရလွှမ်းမိုးအုပ်ချုပ်ခဲ့မည်ဟုယူဆရပါသည်။

ရှေးဟောင်းသုတေသနဆိုင်ရာအထောက်အထားများအရ ဟရိဘုံဇယမှ မွန်တို့သည် လက်ရှိမွန်ပြည် နယ်အတွင်းသို့ အေဒီ (၇) ရာစုအလယ်ပိုင်းကာလတွင် ဝင်ရောက်လာသည်ဟု ယူဆရပါသည်။ ထို့ကြောင့် ထိုကာလတွင်မှ မွန်တို့သည် မြန်မာနိုင်ငံ အတွင်းစတင်ဝင်ရောက်ခဲ့ပြီး ထားဝယ်နှင့်မြိတ်လူမျိုးများ နေထိုင်ရာ လက်ရှိ မွန်ပြည်နယ်တွင် အခြေချနေထိုင်လာကြသည်။ ထားဝယ်နှင့် မြိတ်လူမျိုးများမှာ မွန်ပြည်နယ်ရှိ ပင်လယ် ကမ်းရိုးတန်း ဒေသတွင်နေထိုင်ပြီး ရေလုပ်ငန်းဖြင့်အသက်မွေးနေထိုင်သူများဖြစ်သဖြင့် မွန်လူမျိုးများကျူးကျော် ဝင်ရောက်လာသောအခါ အနောက်ဘက်တွင် သရေခေတ္တပျူနိုင်ငံ အင်းအားကောင်းနေသောကြောင့် လည်းကောင်း၊ ထားဝယ်နှင့် မြိတ်လူမျိုးများမှာ အဓိကအားဖြင့် ရေလုပ်ငန်းဖြင့် အသက်မွေးဝမ်းကျောင်း ပြုသူများဖြစ်သော ကြောင့်လည်းကောင်း တောင်ဘက် တနင်္သာရီကမ်းရိုးတမ်းတလျောက်သို့ ခရစ်သက္ကရာဇ် (၇) ရာစုအလယ်ပိုင်းခန့် တွင် ရွှေ့ပြောင်းနေထိုင်လာကြသည်ဟု ယူဆရပါသည်။

ပုဂံခေတ်တွင် ဗမာလူမျိုးများအင်အားကောင်းလာပြီး ပုဂံမြို့ကိုဗဟိုပြု၍ လက်ရှိမြန်မာနိုင်ငံဧရိယာတစ် ခုလုံးကိုသိမ်းသွင်းကာ ပုဂံအင်ပါယာနိုင်ငံကိုထူထောင်လာခဲ့ပါသည်။ (၁၁) ရာစုတွင် မြန်မာစာအရေးအသား စတင်တတ်မြောက်လာပြီး ထိုမှတဆင့် မြန်မာစာပေအရေးအသားသည် ဗမာစကားမျိုးကွဲများ ပြောကြားသည့် ဒေသများဖြစ်သည့် ရခိုင်၊ ဓနု၊ အင်းသား၊ ထားဝယ်စသည့်ဒေသများသို့ပျံ့နှံ့ရောက်ရှိသွားပြီး မြန်မာစာပေ အရေးအသား ကျယ်ပြန့်လာသည်ဟုယူဆရပါသည်။

ထားဝယ်လူမျိုး

ထားဝယ်လူမျိုးဆိုသောအခေါ်အဝေါ်နှင့်ပတ်သက်၍ မည်သည့်ခေတ်ကစတင်ပြီးခေါ်ဝေါ်သုံးစွဲသည်ကို သေချာမသိရသော်လည်း ကျောက်စာအထောက်အထားများအရ ပုဂံခေတ်တွင် ထားဝယ်လူမျိုးဟူသောအသုံး အနှုံးစတင်သုံးနှုန်းနေပြီဖြစ်ကြောင်း အခိုင်အမာပြောကြားနိုင်ပြီးဖြစ်ပါသည်။

ထားဝယ်ဟူသောအသုံးအနှုံးနှင့်ပတ်သက်၍ ထားဝယ်ဟူသောဝေါဟာရသည် ဒေသကိုအစွဲဲပြု၍ခေါ် သည်လား လူမျိုးကိုအခြေပြု၍ခေါ်သည်လား လေ့လာဆန်းစစ်သောအခါ ထားဝယ်ဒေသတွင် ထားဝယ်ဟူ သောအမည်နှင့် မည်သည့် အရပ်မြို့ရွာမှမရှိသည်ကိုတွေ့ရသည်။ 

ထားဝယ်ဒေသတွင် အလွန်ကြိမ်ပေါ၍ လှေဆိပ်ပြုလုပ်ကာ အရပ်ရပ်သို့ ကြိမ်များကို ကူးသန်းရောင်း ဝယ်ကြသည်ဆို၏၊ သို့ဖြင့် ထင်ရှားကျော်ဇော သောကြိမ်ဆိပ်ဖြစ်လာသည်။ ယိုးဒယားတို့ဘာသာဖြင့် ‘ထဝိုင်’ (ထ-ဆိပ်၊ ၀ိုင်-ကြိမ်) ကြိမ်ဆိပ်ဟူ၍ ခိုင်မာစွာအခြေအမြစ်မူလဘူတနှင့်တကွပြောကြသည်။ ထိုကဲ့သို့ ယိုးဒယား ဘာသာစကားအတိုင်း ‘ထဝိုင်’ (TAVOY) ဟုခေါ်ရာမှ နောင်အခါထားဝယ်ဖြစ်လာကြောင်း ဦးဖေမောင်တင် က ပြောဖူးပါသည်။ 

သို့ရာတွင် ထားဝယ်ဒေသသည် ယိုးဒယားတို့၏အုပ်ချုပ်မှုအောက်သို့  ၁၂၈၇ ခုနှစ်တွင်မှ ကျရောက် သည်။ ထားဝယ်ဟူသောအမည်မှာ ၁၁၉၆ ခုနှစ်ထိုး ဓမ္မရာဇိကဘုရားကျောက်စာတွင် ‘ထားဝယ်’ ရေးထုံးကို တွေ့ရပါသည်။  ထိုအချက်များအရ ထားဝယ်ဟူသောအသုံးအနှုံးသည် ထားဝယ်လူမျိုးများနေထိုင်ရာအရပ်ဒေ သကိုအစွဲပြုပြီး ပုဂံခေတ်တွင် ယခုထားဝယ်လူမျိုးများနေထိုင်သည့်အရပ်ကို ထားဝယ်ဒေသဟုခေါ်ဆိုကြောင်း ညွှန်ပြနေပေသည်။ ထို့ကြောင့် ‘ထားဝယ်လူမျိုး’ ဆိုသောအသုံးအနှုံးမှာ ပုဂံခေတ်မတိုင်မီကာလကတည်းက ခေါ်ဝေါ်သုံးစွဲခဲ့မည်မှာ မလွဲဧကန်ပင်ဖြစ်ပေသည်။

သမိုင်းမတင်မီခေတ်အထောက်အထားများ

လူ့ယဉ်ကျေးမှုသမိုင်းဖြစ်စဉ်တွင် ကျောက်ခေတ်၊ ကြေးခေတ်၊ သံခေတ် စသည်ဖြင့်ယဉ်ကျေးမှုဖြစ်စဉ် များ အဆင့်ဆင့် တိုးတက်ဖြစ်ပေါ်လာခဲ့သည်။ထိုယဉ်ကျေးမှုခေတ်ကာလများအနက် ကျောက်ခေတ်သည် အရှည်လျားဆုံးကာလတစ်ခုဖြစ်သည်။ ထို့ကြောင့် ကျောက်ခေတ်ကာလကို ကျောက်ခေတ်ဟောင်း၊ ကျောက် ခေတ်လယ်၊ ကျောက်ခေတ်သစ် စသည်ဖြင့် (၃) ပိုင်း ပိုင်းခြားနိုင်သည်။ ကျောက်ခေတ်ဟောင်းကာလတွင် ကျောက်ကြမ်းလက်နက်များကို အဓိကအသုံးပြုကြပြီး၊ ကျောက်ခေတ်လယ်ကာလတွင် စိုက်ပျိုး မွေးမြူရေး အတတ်စတင်တတ်မြောက်လာပြီး ကျောက်လက်နက်အသေးလေးများကို အဓိကသုံးစွဲလာကြသည်။ ကျောက် ခေတ်သစ်ကာလ၌ အရှေ့တောင်အာရှနိုင်ငံများတွင် မိုးကြိုးသွားဟုခေါ်သည့် အချောသွေးထားသော ကျောက် လက်နက်များကို သုံးစွဲလာကြသည်။ ကျောက်ခေတ်ဟောင်း ကာလသည် အရှည်လျားဆုံးကာလဖြစ်ကာ လွန်ခဲ့သောနှစ်ပေါင်း ၂.၅ သန်းကာလမှ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀) အတွင်းထွန်းကားခဲ့ပါသည်။  ကျောက်ခေတ်လယ်ကာလမှာ လွန်ခဲ့သောနှစ်ပေါင်း (၁၀၀၀၀) ခန့်မှ လွန်ခဲ့သောနှစ်ပေါင်း (၆၀၀၀) ခန့်အတွင်း ထွန်းကားခဲ့ပါသည်။ ကျောက်ခေတ်သစ်ကာလမှာ လွန်ခဲ့သောနှစ်ပေါင်း (၉၀၀၀) ခန့်မှာ ကြေးခေတ်ကာလ အထိထွန်းကားခဲ့ပါသည်။ ကျောက်ခေတ်သစ်ကာလမှ ကြေးခေတ်ကာလသို့ ကူးပြောင်းသောကာလမှ နိုင်ငံ အလိုက်၊ ဒေသအလိုက် ကွဲဲပြားမှုရှိနိုင်ပါသည်။

 သြစတြေလျတိုက်သို့လူသားများရောက်ရှိပုံနှင့်ပတ်သက်ပြီး ဖြစ်နိုင်သောလမ်းကြောင်း (၃) သွယ်ကို ပညာရှင်များကဖော်ပြကြသည်။ ပထမလမ်းကြောင်းမှာ အိန္ဒိယအရှေ့မြောက်ပိုင်း - မြန်မာနိုင်ငံချင်းပြည်နယ် မြောက်ပိုင်း - မြန်မာနိုင်ငံ ဧရာဝတီမြစ်ကြောင်းတလျောက် - မော်လမြိုင် - ထိုင်းနိုင်ငံအနောက်တောင်ပိုင်း - မလေးရှား - အင်ဒိုနီးရှားမှ တဆင့် သြစတြေလျသို့ရောက်ရှိသည့်လမ်းကြောင်း။ ဒုတိယလမ်းကြောင်းမှာ တရုတ်နိုင်ငံယူနန်ပြည်နယ်မှတဆင့် လာအိုနိုင်ငံအနောက်ပိုင်း - ထိုင်းနိုင်ငံအနောက်ပိုင်း - မလေးရှား - အင်ဒိုနီးရှားမှတဆင့် သြစတြေလျသို့ရောက်ရှိသည့်လမ်းကြောင်း။ တတိယလမ်းကြောင်းမှာ တရုတ်နိုင်ငံအရှေ့ ပိုင်းမှတဆင့် ဗီယက်နမ်နိုင်ငံ - ထိုင်းနိုင်ငံအရှေ့ပိုင်း - အင်ဒိုနီးရှားမှတဆင့် သြစတြေးလျသို့ရောက်ရှိသော လမ်းကြောင်းဟူ၍ ရှေးဟောင်းသုတေသနအထောက်အထားအရ ဖြစ်နိုင်သော လမ်းကြောင်း (၃) သွယ်ကို ပညာရှင်များက ဖော်ပြကြသည်။

မြန်မာနိုင်ငံအလယ်ပိုင်းဒေသတွင် ကျောက်ခေတ်ဟောင်းအထောက်အထားများကို ဟားဗက်တက္က သိုလ်မှ ပါမောက္ခ ဒီတားရားနှင့် မိုးဗီယပ်တို့ကလေ့လာခဲ့ပြီး အညာသားယဉ်ကျေးမှုဟုအမည်ပေးခဲ့သည်။ အညာသားယဉ်ကျေးမှုသည် ကျောက်ခေတ်ဟောင်းကာလအစောပိုင်းဖြစ်ပြီး ပလိုင်စတိုစင်းကာလအလယ်ပိုင်း သက်တမ်းရှိသည်။ (လွန်ခဲ့သောနှစ်ပေါင်း (၇.၈ သိန်း - ၁.၂ သိန်း) သက်တမ်းခန့်)

ထားဝယ်ဒေသမှ ကျောက်ခေတ်သစ်လက်နက်မြောက်များစွာကို တွေ့ရှိခဲ့သည်။ ၁၉၈၂ ခုနှစ်တွင် ထားဝယ်မြို့၌ တိုင်းတိုးချဲ့စက်ရုံကြီးကိုတည်ဆောက်ရန်အတွက် မြေတူးစက်ဖြင့်တူးဖော်စဉ်က ကျောက်ခေတ် နှောင်းလက်နက်မြောက်များစွာကိုတူးဖော်တွေ့ရှိခဲ့ပါသည်။ ထိုကျောက်ခေတ်သစ်လက်နက်များကို ကျောက် လက်နက်မှန်းမသိသဖြင့် လမ်းခင်းရာတွင်ထည်၍သုံးလိုက်ပြီး ထိုထဲမှကျန်ရှိသည့် ကျောက်လက်နက်အချို့ကို ဘုရားကြီးပြတိုက်တွင်ပြသထားပါသည်။  အခြားသော ကျောက်ခေတ်သစ်လက်နက်များကို သာဂရမြို့ ဟောင်းမှလည်းကောင်း၊ သာဂရမြို့ဟောင်းနှင့် ဝေဒီမြို့ဟောင်း ကြား ကားလမ်းပေါ်ရှိ မင်းရပ်ကျေးရွာ ပတ်ဝန်း ကျင် တွင်လည်းကောင်း ကျောက်ခေတ်သစ်လက်နက်မြောက်များ စွာကို အမှတ်မထင်ရှာဖွေတွေ့ရှိခဲ့ပါသည်။ ထို့ ကြောင့်ကျောက်ခေတ်သစ်ကာလတွင် ထာဝယ်ဒေသ၌ ကျောက် ခေတ်သစ်လူသားများ ထားဝယ်မြစ် ကြောင်း တလျောက်လွင်ပြင်များနှင့် ပင်လယ်ကမ်းခြေတလျောက်တွင် နေထိုင်ခဲ့ကြမည်ဖြစ်ပါသည်။ ထားဝယ်မြို့ တောင်ဘက် (၇၀၀) ကီလိုမီတာအကွာ ထိုင်းနိုင်ငံတောင်ပိုင်း Krabi မြို့အနီး Lang Rongrien ဒေသရှိ ထုံးကျောက်ဂူငယ် (မြောက်လတ္တီကျု ၉.၁၃ ဒီဂရီနှင့် အရှေ့လောင်ဂျီကျု ၉၈.၅၃ ဒီဂရီ) တွင် လွန်ခဲ့သော နှစ်ပေါင် (၂၅၀၀၀) ကျော်ကာလကတည်းကနေထိုင်ခဲ့သော  ကျောက်ခေတ်ဟောင်းကာလ အထောက်အထား များနှင့် လွန်ခဲ့သောနှစ်ပေါင်း ၅၀၀၀ နှင့် ၆၀၀၀ ကာလအကြား ကျောက်ခေတ်သစ်ကာလ အထောက်အထား များကို တွေ့ရှိရသည်။ 

သြစတြေလျသို့လူသားများရွေးလျားရောက်ရှိသည့်လမ်းကြောင်းသည် အိန္ဒိယမှ မြန်မာ - ထိုင်း - မလေးရှား - အင်ဒိုနီးရှားမှတဆင့် သြစတြေလျသို့လူသားများရောက်ရှိသည်ဆိုသောအဆိုသာမှန်ကန်မည် ဆို လျင် ထားဝယ်ဒေသသည် မြန်မာနိုင်ငံအလယ်ပိုင်း နှစ် (၅) သိန်းသက်တမ်းရှိသော အညာသားယဉ်ကျေးမှုနှင့် Lang Rongrien ထုံးကျောက်ဂူရှိ နှစ်ပေါင်း ၂၅၀၀၀ ကျော်သက်တမ်းရှိသော ကျောက်ခေတ်ဟောင်းကာလ ယဉ်ကျေးမှုသက်တမ်းရှိရာဒေသနှစ်ခုအကြားတွင်တည်ရှိသဖြင့် ထားဝယ်ဒေသတွင် ကျောက်ခေတ်ဟောင်း ကာလကတည်းက လူများနေထိုင်ခဲ့ကြမည်ဖြစ်ပါသည်။

သိသာထင်ရှားသော ကျောက်ခေတ်သစ်လက်နက်များပင်လျင် ကျောက်ခေတ် သစ်လက်နက်မှန်းမသိ သဖြင့် လမ်းခင်းရာတွင် ထည့်ပြီးသုံးခဲ့လျင် သာမာန်လူများ အလွယ်တကူမခွဲခြားနိုင် သော ကျောက်ခေတ် ဟောင်းလက်နက်များဆိုလျင် ပြောစရာမရှိပေ။ ထို့ကြောင့်လက်ရှိအထောက်အထားအရ ထားဝယ်ဒေသတွင် ကျောက်ခေတ်သစ်ကာလက လူများအခြေချနေထိုင်သည်မှာ ခိုင်မာသောအထောက်အထားဖြစ်ပြီး ကျောက် ခေတ်ဟောင်းကာလကတည်းက ထားဝယ်ဒေသတွင် လူများနေထိုင်ခြင်းရှိမရှိကို ဆက်လက် သုတေသန ပြုလုပ်ရန်လိုအပ်ပေသည်။

ထားဝယ်ဒေသမှ ရှေးမြို့ဟောင်းများ

ထားဝယ်ဒေသတွင် ခေတ်အဆက်ဆက်အုပ်ချုပ်နေထိုင်ခဲ့သောမြို့ဟောင်းများကို ထားဝယ်ဒေသပတ် ဝန်းကျင်တွင်ပေါများစွာတွေ့ရသည်။ ထားဝယ်ဒေသ၏ သဘာဝအရင်းအမြစ်ပေါကြွယ်ဝမှုနှင့် မြေဆီသြဇာပေါ ကြွယ်ဝသောလယ်မြေများတည်ရှိခြင်းနှင့် ရေထွက်သယံဇာတများပေါကြွယ်ဝခြင်းတို့ကြောင့် ထာဝယ်ဒေသမှာ ပတ်ဝန်းကျင်နိုင်ငံများ၏ မျက်စေ့ကျရာဒေသဖြစ်ခဲ့ပါသည်။ ထိုကြောင့် ခေတ်အဆက်ဆက် ထာဝယ်ဒေသကို အင်အားကြီးသူများ၏လွှမ်းမို့မှုကြောင့် ထားဝယ်ဒေသ၏ရှေးဟောင်းမြို့တော်များမှာလည်း ခေတ်အဆက်ဆက် တစ်နေရာမှတစ်နေရာသို့ပြောင်းရွှေတည်ထားခဲ့သည်ကိုတွေ့နိုင်ပါသည်။ တနည်းအားဖြင့်ဆိုသော် ထိုမြို့ ဟောင်းများသည်ပင် ထားဝယ်လူမျိုးများ၏သမိုင်းကိုဖော်ပြနေသော သမိုင်းအထောက်အထားများပင်ဖြစ်သည်။ ထားဝယ်ဒေသတွင် လက်ရှိအချိန်ထိဖော်ထုတ်ရရှိသမျှရှေးဟောင်းမြို့များအနေဖြင့် အောင်သာဝတီမြို့ဟောင်း (ကလိန်အောင်)၊ ဘုမ္မိဒေဝနဂရနှင့် မှိုင်းကာရီမြို့ဟောင်း (ပကာရီ)၊ သာဂရမြို့ဟောင်း၊ ဝေဒီမြို့ဟောင်း (ဝေဒီ ရွာ)၊ ဆင်ဆိပ်မြို့ဟောင်း (ယခုဆင်ဆိပ်ရွာ)၊ မုတ္ထီးမြို့ဟောင်း၊ မုတ္တသုခနဂရ (ယခုမုတ္ထီးကျေးရွာနှင့် စောဝ ကျေးရွာ)၊ ထောင်ကွယ်မြို့ဟောင်း (ယခုထောင်ကွယ်ကျေးရွာ)၊ သာယာဝတီမြို့ (ယခုထားဝယ်) တို့ဖြစ်ပါ သည်။  (မောင်သန်းဆွေ (ထားဝယ်)၊ ထားဝယ်ဥဒါန်း)

မြို့အမည် တည်နေရာ တည်ခုနှစ် ပျက်ခုနှစ်

အောင်သာဝတီ(ကလိန်အောင်) N14.623025°, E98.139365° 705 CE

သာဂရ N14.174696°, E98.168254° 751 CE 914 CE

ဝေဒီ N13.983972°, E98.173079° 754 CE 914 CE

ညောင်ခရား N14.109708°, E98.197039° 914 CE 995 CE

သာဂရ (ဒုတိယအကြိမ်) N14.174696°, E98.168254° 995 CE 1076 CE

ညောင်ရမ်း 1076 CE 1129 CE

မဟာသုခနဂရ N14.109637°, E 98.202644° 1155 CE

ထောင့်ကွယ် N13.633849°, E98.146878° 1174 CE 1268 CE

မုတ္တသုခနဂရ N14.013680°, E98.227263° 1417 CE

ဝေဒီ (ဒုတိယအကြိမ်) N13.983972°, E98.173079° 1430 CE 1488 CE

ကမြော N14.096306°, E98.169840° 1488 CE 1494 CE

နန်းတောင် သာဂရမြို့ဟောင်းအနီး 1494 CE 1497 CE

ကမြော N14.096306°, E98.169840° 1497 CE 1504 CE

သာဂရ (တတိယအကြိမ်) N14.174696°, E98.168254° 1561 CE 1751 CE

ကြက်စား N14.086323°, E98.189549° 1751 CE 1754 CE

သာယာဝတီ (ထားဝယ်) N14.086323°, E98.189549° 1754 CE 1824 CE

ထိုအချက်များအရ ထားဝယ်ဒေသတွင် အုပ်ချုပ်သူများနေထိုင်သောမြို့ဟောင်းများကိုလေ့လာကြည် လျင်-

အောင်သာဝတီ      သာဂရ      ညောင်ခရား      သာဂရ    ညောင်ရမ်း မဟာသုခနဂရ     ထောင့်ကွယ်

     ဝေဒီ

     မုတ္တသုခနဂရ      ဝေဒီ     ကမြော      နန်းတောင်     ကမြော     သာဂရ     ကြက်စား   သာယာဝတီ

စသည်ဖြင့် ခေတ်အလိုက်မြို့များပြောင်းရွှေ့နေထိုင်ခဲ့သည်ကိုတွေ့နိုင်ပါသည်။ ပထမသာဂရနှင့် ဝေဒီ မြို့ဟောင်းတို့မှာ ခေတ်ပြိုင်ထွန်းကားခဲ့သည်ကိုတွေ့ရှိနိုင်ပါသည်။

ထားဝယ်နှင့် မြိတ်လူမျိုးများမှာ မူလနေထိုင်ရာ လက်ရှိမွန်ပြည်နယ်မှ (၇) ရာစုအလယ်ပိုင်းခန့်အတွင်း မွန်များ ဝင်ရောက်လာမှုကြောင့် တောင်ဘက်သို့ ဆုတ်ခွာလာပြီး ပျူခေတ်ကာလအတွင်း မွန်ပြည်နယ် နယ်စပ် အနီးတွင်ရှိသော ယခုကလိန်အောင်မြို့တည်ရှိရာနေရာတွင် အောင်သာဝတီမြို့ကိုတည်ထောင်ခဲ့မည်ဟု ယူဆ ရပါသည်။ (ပျူခေတ်အထောက်အထားများရှာဖွေရန်လိုအပ်နေပါသေးသည်။)။ ထိုမှတဆင့် မွန်များဆက်လက် ကျူးကျော် လာမှုကြောင့် တောင်ဘက်သို့ဆုတ်ခွာလာပြီး သာဂရမြို့ဟောင်းကို (751 CE) တွင်လည်းကောင်း ဝေဒီမြို့ ဟောင်းကို (754 CE) တွင်လည်းကောင်းတည်ထောင်ခဲ့ကြသည်။ (သိပ္ပံနည်းကျ သက်တမ်းတွက်ချက် ရန်လိုအပ်သည်။) သာဂရမြို့နှင့် ဝေဒီမြို့မှာ (၁၃) မိုင်ခန့်သာကွာဝေးသဖြင့် ထို့မြို့နှစ်မြို့မှာ ခေတ်ပြိုင်ထွန်း ကားခဲ့သည်ဆိုသောအချက်မှာ စဉ်းစားဖွယ်ရာသာဖြစ်သည်။ သာဂရမြို့ဟောင်းတွင်ပျူခေတ်အထောက် အထားများ ပေါများစွာတွေ့ရသောအချက်က မွန်ပြည်နယ်မှဆုတ်ခွာလာသော ထားဝယ်လူမျိုးများမှာ ပျူခေတ် ကာလအတွင်း သာဂရမြို့တွင်အခြေချတည်ဆောက်ခဲ့သည်ကိုတွေ့ရသည်။

751 CE တွင်ထားဝယ်လူမျိုးများ တည်ထောင်ခဲ့သော သာဂရမြို့ဟောင်းမှာ 813 CE တွင် မွန်းမင်း ဆက်များအုပ်စိုးသည်ကိုတွေ့ရသဖြင့် မွန်တို့သည် တောင်ဘက်သို့ဆက်လက်ကျူးကျော်ခဲ့သည်ကိုတွေ့နိုင်ပါ သည်။ ထို့နောက် 914 CE တွင်သာဂရမြို့ပျက်စီးခဲ့သဖြင် သာဂရမြို့ဟောင်းမှာ အခြားသော ပျူမြို့ဟောင်းများ နည်းတူ အေဒီ (၉) ရာစုခန့်တွင် ပျူခေတ်ယဉ်ကျေးမှုများ ပျက်သုန်းခဲ့ရသည်။

မုတ္တီးတွင် ပျူခေတ်ဆိုင်ရာဗုဒ္ဓဆင်းတု၊ အုတ်ခွက်ဘုရားများတွေ့ရခြင်းက သာဂရနှင့် ဝေတီမြို့များ ပျက်ပြီးနောက် ထိုဒေသမှပျူခေတ် ဗုဒ္ဓရုပ်ပွားတော်များကို မုတ္တီးမြို့ဟောင်းသို့သယ်ဆောင်လားခြင်းလား (သို့မဟုတ်) ပျူခေတ်ယဉ်ကျေးမှုထွန်းကားစဉ်ကာလ သာဂရနှင့်ဝေဒီမြို့များစည်ပင်စဉ်တွင် မုတ္တီနေရာမှာ လည်း နေထိုင်ရာရွာအဖြစ်တည်ရှိနေခြင်းကြောင့် ပျူခေတ်အထောက်အထားများတွေ့ရှိရသလောမှာ စဉ်းစား ဖွယ်ရာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် မုတ္တီးမှတွေ့ရသော ပျူခေတ်အထောက်အထားများမှာ အဆောက် အဦး၊ အရိုးအိုးမြုပ်နှံသည့် ဓလေ့မဟုတ်ဘဲ ရွှေ့ပြောင်းနိုင်သောပစ္စည်းများဖြစ်သောကြောင့်ဖြစ်သည်။

ထားဝယ်ဒေသရှိမြို့ဟောင်းများအား  အခြားသောမြို့ဟောင်းများနှင့် နှိုင်းယှဉ်လေ့လာချက်

မြို့ဟောင်းအမည် တည်နေရာ အကျယ်အဝန်း ပုံသဏ္ဌန် ခေတ်ကာလ

သရေခေတ္တရာ 18°48'42.21"N,95°17'23.45"E 14.39 km2 အဝိုင်းပုံ ပျူခေတ်

ဗိဿနိုး 20°0'14.83"N, 95°22'41.79"E 8.75 km2 လေးထောင့်ပုံ ပျူခေတ်

ဟံလင်း 22°28'26.04"N,95°48'52.02"E 5.49 km2 လေးထောင့်ပုံ ပျူခေတ်

ပင်လယ်(မိုင်းမော) 21°18'31.02"N,96°12'44.40"E 6.87 km2 အဝိုင်းပုံ ပျူခေတ်

ဝတီး 21°23'10.08"N,95°43'2.25"E 1.93 km2 အဝိုင်းပုံ ပျူခေတ်

တကောင်း 23°29'45.92"N,96° 0'45.31"E လေးထောင့်ပုံ ပျူ - ပုဂံ

သဲကုန်း 18°38'26.35"N,95°24'38.54"E 3.16 km2 ဘဲဥပုံ ပျူခေတ်

ဘုရားကြီး 17°28'46.69"N,96°30'22.84"E 0.35 km2 လေးထောင့်ပုံ ပျူခေတ်

ကျိုက်ကသာ 17°21'52.94"N,96°55'15.60"E 2.68 km2 လေးထောင့်ပုံ ပျူခေတ်

ပေါရိသတ် 20°43'49.20"N,96°55'26.61"E 4.31 km2 လေးထောင့်ပုံ ပုဂံခေတ် ?

ဓညဝတီ 20°52'20.88"N,93° 3'50.11"E 5.69 km2 အဝိုင်းပုံ ပျူခေတ် ?

ဝေသာလီ 20°39'46.88"N,93° 9'7.37"E 5.97 km2 လေးထောင့် ပျူခေတ်

မြောက်ဦး 20°35'27.61"N,93°11'36.16"E တောင်ငူခေတ်

သာဂရ 14°10'25.09"N,98°10'1.10"E 0.9 km2 အဝိုင်းပုံ ပျူခေတ်

ဝေဒီ 13°59'2.30"N,98°10'23.08"E 1.17 km2 လေးထောင့် ပျူခေတ်

ရှင်မုတ္တီး (၁) 14° 0'49.25"N,98°13'38.15"E 1.06 km2 လေးထောင့် ပုဂံခေတ်

ရှင်မုတ္တီး (၂) 14° 0'14.42"N,98°13'32.15"E 0.6 km2 လေးထောင့် ပုဂံခေတ် ?


မြန်မာနိုင်ငံအလယ်ပိုင်းအတွင်း ဖွံ့ဖြိုးတိုးတက်ခဲ့သော အခြားသောပျုမြို့ဟောင်းများနှင့် နှိုင်းယှဉ်လျှင် ထားဝယ်ဒေသမှတွေ့ရသော မြို့ဟောင်းများမှ သေးငယ်သော်လည်း ပုံပန်းသွင်ပြင်အရ အခြားသောပျူမြို့ ဟောင်းများနှင့် ဆင်တူမှုရှိသည်ကို နှိုင်ယှဉ်လေ့လာနိုင်ပါသည်။

သာဂရမြို့ဟောင်းသည် အဝိုင်းပုံရှိပြီး အခြားသော ပျူမြို့ဟောင်းများဖြစ်သည့် ပြည်မြို့အနီးရှိ သရေခေတ္တရာမြို့ဟောင်းနှင့် နွားထိုးကြီးမြို့အနီးရှိ ဝတီးမြို့ဟောင်း။ ရခိုင်ပြည်နယ်ရှိ ဓညဝတီမြို့ဟောင်း တို့နှင့် ပုံသဏ္ဌန်ဆင်တူသည်ကိုတွေ့နိုင်ပါ သည်။

မုတ္တီးမြို့ဟောင်း (၁) မှာ စတုဂံပုံရှိပြီး ပျူမြို့ဟောင်းတစ်ခုဖြစ်သည့် ပဲခူးမြို့အနီးမှ ဘုရားကြီးမြို့ ဟောင်း ၊ပျူခေတ်တ် သို့မဟုတ် ပုဂံခေတ်ဖြစ်နိုင်သည့် ရှမ်းပြည်နယ်တောင်ပိုင်း၊ ညောင်ရွှေမြို့အနီးရှိ ပေါရိ သတ် မြို့ဟောင်းနှင့် မန္တလေးတိုင်း မြစ်သားမြို့နယ်အတွင်းရှိ ပင်လယ် (မိုင်းမော) မြို့ဟောင်း ဒုတိယမြို့ရိုးနှင့် ပုံသဏ္ဌန်ဆင်တူသည် ကိုတွေ့နိုင်ပါသည်။ မုတ္တီးမြို့ဟောင်းမှာ ဘုရားကြီးမြို့ ဟောင်းထက် အရွယ်အစား (၃) ဆ ပိုကြီးပြီး ပေါရိသတ်မြို့ဟောင်းထက်မူ (၄.၅) ဆခန့်ပို၍ငယ်သည်ကို တွေ့ နိုင်ပါသည်။ ပင်လယ်မြို့ဟောင်း ၏ ဒုတိယမြို့ရိုး၏ ဧရိယာမှာ (၁.၀၈) စတုရန်းကီလိုမီတာဖြစ်သဖြင့် မုတ္တီးမြို့ဟောင်း (၁) နှင့် အရွယ်အစာရော ပုံသဏ္ဌန်ပါ တူညီမှုရှိသည်ကိုတွေ့နိုင်ပါသည်။

မုတ္တီးမြို့ဟောင်း (၂) မှာ ပဲခူးတိုင်းအနောက်ပိုင်း သဲကုန်းမြို့အနီးရှိ သဲကုန်းမြို့ဟောင်း၊ မွန်ပြည်နယ် အတွင်းရှိ ကျိုက္ကသာမြို့ဟောင်းတို့နှင့် ပုံသဏ္ဌန်ဆင်တူသည် ကိုတွေ့နိုင်ပါသည်။ အရွယ်အစားအနေဖြင့်မူ ထို မြို့ဟောင်းနှစ်ခုလုံးထက်သေးငယ်သည်ကိုတွေ့နိုင်ပါသည်။

ဆင်ဆိပ်မြို့ဟောင်း (ညောင်ခရား) မှာမူ မူလပုံသဏ္ဌန်မပေါ်တော့ပဲ ပျက်စီးနေပြီးဖြစ်သောကြောင့် မှန်း ဆရန်ခက်ခဲနေပြီဖြစ်သည်။

                                         ပုံ (၁) မြန်မာနိုင်ငံရှိ ရှေးမြို့ဟောင်းအချို့၏အရွယ်အစားနှိုင်ယှဉ်ပြမှုပုံ

ထားဝယ်ဒေသမှတွေ့ရသော ရှေးဟောင်းအထောက်အထားများ

ထာဝယ်ဒေသတွင် ထားဝယ်မြို့၏အရှေ့ဘက်ကမ်း လက်ရှိထားဝယ်မြို့ ပြည်သူ့ဆေးရုံကြီးနေရာမှ လည်းကောင်း၊ ထားဝယ်မြို့၏ အနောက်ဘက်ကမ်း မင်းရပ်ကျေးရွာပတ်ဝန်းကျင်မှလည်းကောင်း ကျောက် ခေတ်သစ်လက်နက်များကို မြောက်များစွာ ရှာဖွေတွေ့ရှိမှုကြောင့် ထားဝယ်မြစ်ကြောင်းတလျောက်တွင် ကျောက်ခေတ်သစ်ကာလကတည်းက လူသားများ အခြေချနေထိုင်ခဲ့ကြောင်း ခိုင်မာသောအထောက်အထား များဖြစ်ပါသည်။

သာဂရမြို့ဟောင်းမှ ‘ပြလမ္ဗာနာသန’ ပုံတော်နှင့်ထိုင်နေတော်မူသော အေဒီ ၆ ရာစုနှင့် ၉ ရာစုအတွင်း ပြူလုပ်သည့် ဒွါရဝတီခေတ်ဆင်းတုများ နှင့် မုတ္တီးမှ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာဆိုင်ရာ ယဉ်ကျေးမှုပစ္စည်းများ၊ သရေ ခေတ္တရာ အုတ်ခွက်ဘုရားပုံစံအုတ်ခွက်ဘုရားများတွေ့ရှိရသည်။  ထို့ကြောင့် ထားဝယ်ဒေသတွင် ပျူခေတ် ကာလ ကတည်းက ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာကိုးကွယ်မှုရောက်ရှိနေပြီဖြစ် ကြောင်းဖော်ပြနေပေသည်။ ပုတီးစေ့များကိုပေါများစွာတွေ့ရပြီး လက်ရေးစင်းရာပါအုပ်များနှင့် အရိုးအိုးမြုပ်နှံမှု ဓလေ့ကိုလည်း တွေ့ရသော ကြောင့် ပျူခေတ်ယဉ်ကျေးမှုနှင့် ဆက်စပ်မှုရှိနေကြောင်းဖော်ပြနေပေသည်။

မုတ္တီးမြို့ဟောင်းမှ မကာန်းပုံပါ အုတ်ခွက်ဘုရားများသည်လည်း ရခိုင်နှင့် သရေခေတ္တရာမှတွေ့ရသော ပျူခေတ် မကာန်းပုံပါ အုတ်ခွက်ဘုရားများနှင့်ဆင်တူခြင်းကလည်း ပျူနှင့်ဆက်နွှယ်မှုကိုဖော်ပြနေပေသည်။ 

ထားဝယ်ဒေသမှတွေ့ရသောမျက်နှာဘက်တွင် ဥဒေါင်းပန်းကိုက်ပုံနှင့် ကျောဘက်တွင် လေးထောင့်ပုံ စာပါဒင်္ဂါးများကိုလည်းကောင်း၊ နဂါးပုံပါဒင်္ဂါးများကိုလည်းကောင်း ထာဝယ်ဒေသတွင်ပေါများစွာတွေ့ရသော ကြောင့် ထာဝယ်ဒေသ၏ကိုယ်ပိုင်ငွေကြေးသုံးစွဲမှု သို့မဟုတ် ကုန်စည်ဖွံ့ဖြိုးစည်ပင်ခဲ့မှုကြောင့် ကုန်သွယ်မှု သင်္ကေတ အမှတ်လက္ခဏာများဖြစ်ပါသည်။ ထိုဒင်္ဂင်္ါးများသည် ထားဝယ်လူမျိုးတို့ထုတ်လုပ်သုံးစွဲခဲ့ခြင်းဖြစ် ကြောင်းကထိုဒင်္ဂါးများကို ထားဝယ်ဒေသတွင် ပေါများစွာတွေရခြင်းနှင့် ထိုဒင်္ဂါးများပေါ်မှ အမှတ်လက္ခဏာများ ကို ထားဝယ်ဒေသမှ အခြားသောမြေထည်ပစ္စည်းများပေါ်တွင်လည်းတွေ့ရခြင်းကို ထားဝယ်လူမျိုးတို့၏ ကိုယ် ပိုင်ဒင်္ဂါးဖြစ်ကြောင်း ညွန်ပြနေပါသည်။

       

ပုံ (၂)ထားဝယ်ဒေသမှတွေ့ရှိရသော ဒင်္ဂါးများနှင့် မြေထည်ပစ္စည်းပေါ်မှတွေ့ရသော အမှတ်လက္ခဏာများ

ခြုံငုံသုံးသပ်ချက်

ထားဝယ်ဒေသတွင် ထားဝယ်မြစ်ကြောင်းတလျောက်တွေ့ရသော ကျောက်ခေတ်သစ်လက်နက်များ အရ ထားဝယ်ဒေသတွင် ကျောက်ခေတ်သစ်ကာလကပင် လူများအခြေချနေထိုင်ခဲ့ကြောင်းခိုင်မာစွာပြောကြား နိုင်ပါသည်။ ကျောင်းခေတ်ဟောင်းကာလကတည်းက ထားဝယ်ဒေသတွင် လူသားများအခြေချနေထိုင်မှု ရှိ၊ မရှိသိနိုင်ရန်အတွက် ရှေးဟောင်းသုတေသနဆိုင်ရာ စူးစမ်းလေ့လာမှုများ လုပ်ဆောင်သွားရန်လိုအပ်ပါသည်။

 ဘာသာဗေဒအရလေ့လာမှုနှင့် မွန်တို့မြန်မာနိုင်ငံအတွင်း ဝင်ရောက်လာသောအချိန်နှင့် ဝင်ရောက် လာသော လမ်းကြောင်းအနေအထားအရလည်းကောင်း၊ မွန်ပြည်နယ်တွင် ပျူခေတ်အထောက်အထားများ အေဒီ (၆) ရာစုခန့်အထောက်အထားများတွေ့ရခြင်းနှင့် မွန်ယဉ်ကျေးမှုအထောက်အထားများကို အေဒီ (၆) ရာစုကာလနောက်ပိုင်းတွင်သာတွေ့ရခြင်း၊ ထားဝယ်လူမျိုးများရွေ့လျားရှာလမ်းကြောင်းကိုလေ့လာကြည့်လျင် အောင်သာဝတီမြို့ (ကလိန်အောင်မြို့) သည် မွန်နှင့် ထားဝယ်နယ်စပ်တွင်ရှိပြီး သမိုင်းကြောင်းအရ သာဂရမြို့ ဟောင်းထက်စောခြင်း၊ သာဂရမြို့ဟောင်းကို 751 CE တွင်တည်သဖြင့် ထာဝယ်လူမျိုးများ မွန်ပြည်နယ်မှ ထွက်ခွာလာပြီး ပထမဦးစွာ အောင်သာဝတီမြို့ကို တည်ထောင်မည်ဖြစ်ပြီး မွန်တို့ရန်ကြောင့် အောင်သာဝတီမြို့ မှာလည်း မွန်လက်အောက်ကျရောက်သောကြောင့် တောင်ဘက်သို့ဆက်လက်ဆုတ်ခွာလာပြီး 751 CE တွင် သာဂရမြို့ကို တည်ထောင်ခြင်းဖြစ်မည်ဟုယူဆရပါသည်။ သာဂရမှ ပျူခေတ် ဓလေ့ထုံးစံများဖြစ်သော အရိုးအိုးမြုပ်နှံမှုဓလေ့၊ လက်ရေးစင်းပါပျူအုပ်များ၊ ဟိန္ဒူနှင့် ဗုဒ္ဓဘာသာ ကိုးကွယ်မှုဓလေ့များနှင့် အခြားသော ပျူခေတ်အထောက်အထားများတွေ့ရခြင်းက ထားဝယ်လူမျိုးတို့၏ မူလနေရာမှာ လက်ရှိမွန်ပြည်နယ်ဖြစ်ပြီး အေဒီ (၇) ရာစုအတွင်းမှ ရွှေ့လျားလာခြင်းဖြစ်ကာ ရွေ့လျားမှုလမ်းကြောင်းအတွင်ရှိသော ရှေးဟောင်း အထောက်အထားများနှင့် မြိုတည်ခုနှစ်ရာဇဝင်သမိုင်းတို့က ရွေ့လျားမှုလမ်းကြောင်းကိုု ညွှန်ပြနေပါသည်။

ထားဝယ်ဟူသောအသုံးအနှုံးနှင့်ပတ်သက်၍ လက်ရှိထားဝယ်ဒေသတွင် ထားဝယ်ဟူသောမြို့အမည် နှင့် အရပ်ဒေသကို မတွေ့ရသဖြင့် ထာဝယ်ဟူသောအခေါ်အဝေါ်မှာ ထားဝယ်လူမျိုးများနေထိုင်ရာအရပ်ဒေသ ကို အစွဲဲပြု၍ ခေါ်ခြင်းဖြစ်ကြောင်း သိနိုင်ပါသည်။ ထားဝယ်လူမျိုးဟူသောအသုံးအနှုံးကို ပုဂံခေတ်ဦးပိုင်း ကတည်းကစတင်တွေ့ရသောကြောင့် ပုဂံခေတ်ဦးပိုင်းကတည်းက ထားဝယ်လူမျိုး ဟူသောအမည်ကို ပတ်ဝန်း ကျင်ဒေသများကသိရှိပြီး ပုဂံခေတ်မတိုင်မီကတည်းကပင် ထားဝယ်သားတို့သည် ထားဝယ်လူမျိုး ဟူသောအ မည်ဖြင့်ရှိခဲ့ပြီး ကြွင်းကျန်ရစ်သော ယဉ်ကျေးမှုအထောက်အထားများအရ ထားဝယ်လူမျိုးတို့သည် ယဉ်ကျေးမှု မြင့်မားခဲ့ကြောင်းညွှန်ပြနေပါသည်။

ထားဝယ်ဒေသတွင် ပတ်ဝန်းကျင်နိုင်ငံနှင့် လူမျိုးတို့၏လွှမ်းမိုးမှုခံခဲ့ရသော်လည်း ထားဝယ်လူမျိုးတို့မှာ ကိုယ်ပိုင်ဘာသာစကား၊ စာပေနှင့် ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကို စဉ်ဆက်မပြတ်ထိန်းသိမ်းခဲ့ကြောင်း ယနေ့ထက် တိုင် ကြွင်းကျန်ရစ်သော ယဉ်ကျေးမှုအမွေအနှစ်များ၊ ရှင်သန်ဆဲ ရိုးရာဓလေ့များနှင့် ဘာသာစကားတို့က သက်သေပြနေပါသည်။















ပုံ (၃) မြို့ဟောင်းအရွယ်အစားနှင့် ပုံသဏ္ဌန်နှိုင်းယှဉ်လေ့လာချက်

  

  

  

  


  

    







ကျမ်းကိုးစာရင်း

၁။ ဇော်၊ ဆရာ၊ (စိတ်ပညာ) - “ထားဝယ်ရှေးယဉ်ကျေးမှုအထောက်အထားများ”၊ 

ပုံနှိပ်သူ - ဒေါ်ဝင်းမာ၊ စိတ်ကူးချိုချိုပုံနှိပ်တိုက်၊ ၁၁၇၉၊ မစိုးရိမ်လမ်း၊ ရန်ကင်း။ ပထမအကြိမ်၊ ၂၀၁၃၊ မတ်လ

၂။ ညာဏဝရ၊ ဦး - “လူမျိုးစကားနဲ့ စာပေ (သို့မဟုတ်) သမိုင်း ကို ပြန်လည်ခံစားခြင်း အပိုင်း(၂)”၊ http://tinayedawei.blogspot.com/2012/10/blog-post.html

၃။ ဘဒ္ဒန္တက္ကန္ဒောဘာသ - “ထားဝယ်ရေးရာမှတ်တမ်းပဒေသာရတနာ  (ထားဝယ်) အပိုင်း (၁)”၊ ထုတ်ဝေသူ - ဦးမောင်မောင်လှ (၀၄၁၉၃)၊ အမှတ် ၉၀ (စီ) ကမ္ဘာအေး ဘုရားလမ်း၊ ဗဟန်းမြို့၊ ၂၀၀၇ ခုနှစ်

၄။ ရည်စိန်၊ ဦး - “ဗိဿနိုးမြို့ ဆိတ်သုန်းခဲ့သည့်အကြောင်းရင်း”၊ လက်ရွေးစင်စာတမ်းများ (၁၉၂၄-၂၀၀၅)။ ထုတ်ဝေသူ - ထွန်းဖောင်ဒေးရှင်းဘဏ်။ ဒီဇင်ဘာ၊ ၂၀၁၁

၅။ ရွှေဝယ်ဧ -  “ထားဝယ်ရာဇဝင်သမိုင်း”

ပုံနှိပ်သူ - ဒေါ်ကြည်ကြည်အေး (မြဲ ၀၃၂၅၅)၊ ဘီ-၁၈၊ အဏ္ဏဝါလမ်းသွယ် (၁)၊ ညောင်တန်းအိမ်ရာ၊ ဒုတိယအကြိမ်- ၂၀၀၅ခု၊ သြဂုတ်လ

၆။ ရွှေဝယ်ဧ - “မြို့ဟောင်း၏အောက်မေ့ဖွယ်ရာများ” ၊ ထားဝယ်မြို့ နှစ်(၂၅၀) ပြည့် အထိမ်း    အမှတ်ထုတ်ဝေသူ - ဒေါ်မိုးကေခိုင်၊ ချိုတေးသံစာပေ၊ ရွှေနံ့သာကျေးရွာ၊ ပုလဲမြို့ (၃)၊ မင်္ဂလာဒုံ မြို့နယ်၊ ရန်ကုန်မြို့။ ပထမအကြိမ် - စက်တင်ဘာလ၊ ၂၀၀၅ ခုနှစ်

၇။ သန်းဆွေ၊ မောင်၊ ထားဝယ် -  “နှစ် (၂၅၀) ပြည့်ထားဝယ်”၊ ထားဝယ်မြို့ နှစ်(၂၅၀) ပြည့် အထိမ်း    အမှတ်ထုတ်ဝေသူ - ဒေါ်မိုးကေခိုင်၊ ချိုတေးသံစာပေ၊ ရွှေနံ့သာကျေးရွာ၊ ပုလဲမြို့ (၃)၊ မင်္ဂလာဒုံ မြို့နယ်၊ ရန်ကုန်မြို့။ ပထမအကြိမ် - စက်တင်ဘာလ၊ ၂၀၀၅ ခုနှစ်။

၈။ သန်းဆွေ၊ မောင်၊ ထားဝယ် - “ထားဝယ်ဥဒါန်း” ၊

ထုတ်ဝေသူ- ဦးကျော်ဇင်၊ ကံ့ကော်ဝတ်ရည်စာပေ၊ ၅၁၊ ရေကျော်လမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်၊ ပထမအကြိမ် - ဇန်နဝါရီလ၊ ၂၀၁၄ ခုနှစ်

၉။ အောင်မျိုး၊ ဦး၊ ထားဝယ်ရှေးဟောင်းသုတေသီ - “ပုဂံခေတ်မတိုင်မီထားဝယ်လူမျိုး”

၁၀။ အောင်မြင့်၊ ဦး - “ကောင်းကင်ဓာတ်ပုံများမှ မြန်မာ့ရှေးဟောင်းမြို့တော်များ”၊

ကံ့ကော်ဝတ်ရည်စာပေ၊ အမှတ်-၂၂၊ မဟာဇေယျလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့။ ဒုတိယအကြိမ် - ၂၀၁၂

၁၁။ DE TERRA, H. and MOVISUS, H - “Research on Early Man in Burma ”, 1943

 ၁၂။ Moore, E. - “Early Landscape of Myanmar”

၁၃။ Moore, E. - “Dawei Buddhist culture: a hybrid borderland”, 

  Myanmar Historical Research Journal (21) June 2011, pp.1-62

၁၄။ Moore, E. - “The early Buddhist archaeology of Myanmar”

၁၅။ https://en.wikipedia.org/wiki/Dawei - “Dawei”

၁၆။ https://en.wikipedia.org/wiki/Hariphunchai - Hariphunchai (629 – 1292)