ဇလွန်နှင့် တုံးဗျော မြို့ဟောင်း


ဇလွန်မြို့ဟောင်း

တနင်္သာရီမြို့ ဟောင်းဝန်းကျင်၌ မြို့ဟောင်းနှစ်ခုရှိသေးသည့်အနက် ဇလွန်မြို့ဟောင်းရာသည် ဦးအောင်မြင့်၏ စာတမ်းအရ တနင်္သာရီမြစ်၏ အနောက်မြောက်ဘက် ငါးမိုင်အကွာတွင် တည်ရှိသည်။ ဇလွန်ရွာသည် တနင်္သာရီမြစ်အတွင်းသို့ စီးဝင်နေသည့် ဇာဝီချောင်း၏ မြေပြန့်လွင်ပြင်တွင် တည်ရှိသော တောင်ငယ်တစ်ခု၏ မြောက်ဘက်အခြေ၌ တည်ရှိကာ မော်တုန်းရွာမှ နှစ်မိုင်ကွာဝေးသည်။ မြို့ဟောင်းသည် ဇလွန်ရွာနှင့် အနီးဆုံးတည်ရှိနေသဖြင့် ယင်းနေရာကို တွေ့ရှိခဲ့သော ဦးအောင်မြင့်က ဇလွန်မြို့ဟောင်းဟု အမည်ပေးခဲ့သည်။ ဇလွန်မြို့ဟောင်းသို့ တနင်္သာရီမြို့မှ တနင်္သာရီမြစ်အတိုင်း ငါးမိုင်စုန်ဆင်းကာ မော်တုန်းရွာမှတစ်ဆင့် သွားရောက်နိုင်သည်။

.

စတုဂံပုံ ဇလွန်မြို့ဟောင်း၏ အရှေ့ဘက်တွင် တောင်ကုန်းတောင်တန်းများ၊ အနောက်ဘက်နှင့် မြောက်ဘက်တွင် ဇာဝီချောင်း၊ တောင်ဘက်တွင် တနင်္သာရီမြစ် တည်ရှိသည်။ မြို့ဟောင်းသည် တောင်ကုန်း တောင်တန်းများအကြားမှ လွင်ပြင်တွင်တည်ရှိကာ သေးငယ်သော်လည်း စစ်ရေးအကာအကွယ် ကောင်းသည့် နေရာဖြစ်ကြောင်း ခန့်မှန်းခဲ့သည်။ မြို့ဟောင်း၏ ထောင့်များသည် ဝိုင်းနေကြကာ မြို့ရိုးနှစ်ထပ်ပါရှိပြီး ၆၅ ဧကကျယ်ဝန်းသည်ဟု ဆိုသည်။

.

တုံးဗျောမြို့ဟောင်း

မြိတ်မြို့မှ တနင်္သာရီမြစ်ကြောင်းအတိုင်း ၁၆ မိုင်ခန့် ဆန်တက်လျှင် တနင်္သာရီမြစ်နှင့် ပေါင်းဆုံနေသည့် ကျောက်ဖျာချောင်းကို တွေ့ရှိရမည်ဖြစ်သည်။ ကျောက်ဖျာချောင်းအတိုင်း သုံးမိုင်ဆန်တက်လျှင် တုံးဗျောကြီး ကျေးရွာသို့ရောက်ရှိကာ ရွာ၏မြောက်ဘက် တစ်မိုင်အကွာတွင် တုံးဗျောမြို့ဟောင်း ရာရှိကြောင်း ဦးအောင်မြင့်က ဖော်ထုတ်ခဲ့သည်။ မြို့ဟောင်းသည် စတုဂံပုံရှိ၍ အရှေ့၊ အနောက်နှင့်မြောက်ဘက်ကို တောင်ကုန်းများက ဝန်းရံနေကာ မြို့ရိုးများသည်ထင်ရှားမှု မရှိတော့ဘဲမြို့ရိုးထောင့်များသည် အဝိုင်းပုံတည်ရှိနေကြသည်။ မြို့ဟောင်း၏ အကျယ်အဝန်းသည် ခန့်မှန်းဧက ၁၀၀ ရှိကာ ခံတပ်မြို့ သို့မဟုတ် တပ်စခန်းမြို့ဖြစ်နိုင်ကြောင်း ဦးအောင်မြင့်က သုံးသပ်ခဲ့သည်။

.

မြို့ရိုးမြို့ရာများ အခိုင်အမာတည်ရှိခဲ့သည့် တနင်္သာရီမြို့ဟောင်းအပါအဝင် တနင်္သာရီမြို့နယ်အတွင်းမှ မြို့ဟောင်းရာများသည် ယခုတိုင် ကျန်ရှိနေဆဲဖြစ်သဖြင့် ယင်းတို့ကို စနစ်တကျ တူးဖော် သုတေသနပြုလုပ်နိုင်မည်ဆိုပါက တနင်္သာရီကမ်းမြောင်ဒေသ၏ ခိုင်မာသော သမိုင်း အထောက်အထားများကို ယခုထက် ပိုမိုထုတ်ဖော် နိုင်မည်ဖြစ်ပေသည်။

.

ကိုးကား -

  • တနင်္သာရီမြို့ဟောင်း စမ်းသပ်တူးဖော်မှု အစီရင်ခံစာ(၁၉၉၈-၁၉၉၉)
  • မြန်မာ့မြို့ဟောင်းများကို ကောင်းကင်ဓာတ်ပုံမှ ဘတ်ရှုလေ့လာခြင်း(အောင်မြင့်)
  • တနင်္သာရီမြို့နယ် ဒေသဆိုင်ရာ အချက်အလက်များ(ပြည်ထဲရေး ဝန်ကြီးဌာန)
  • ဒေါ်ငွေငွေစိုးနှင့် တွေ့ဆုံမေးမြန်းချက်များ