.

ထားဝယ်မှာ နာမည်ကြီးတဲ့ မုန့်ကုလားမည်း လုပ်နည်းလေးကို ဒီမှာ လေ့လာ သင်ယူနိုင်ပါတယ်။ မုန့်ကုလားမည်းကို တချို့က ဒိုလ်ဒိုလ် ဟုလည်း ခေါ်ကြသည်။

.

မုန့်ကုလားမည်း - ဒိုလ်ဒိုလ် (Black Sticky Rice Cake)

မုန့်ကုလားမည်းလို့လူသိများတဲ့ အချိုပွဲကို များသောအားဖြင့် ထိုးမုန့်ဆိုင်များ တွင် တွဲရောင်းလေ့ရှိတာမို့ မန္တလေးပြန်မှသာ စားဖြစ်တာများပါတယ်။ အဝေးရောက် နေသူများနှင့် အလှူအတန်းများ ဧည့်ခံကျွေးမွေးနိုင်ရန် ကိုယ်တိုင်ပြုလုပ်လိုသူများ အတွက် လုပ်နည်လေးမျှဝေပေးလိုက်ပါတယ်။


ပါဝင်ပစ္စည်းများ

  • - ကောက်ညှင်းငချိတ် - ၂ ခွက် (ပေါင်းအိုးဆန်ချိန်ခွက်) 
  • - အုန်းနို့ - 400 ml 
  • - သကြား - ၂၅ဝ ဂရမ် 
  • - ထောပတ် - ၁၅ဝ ဂရမ် 
  • - ဘိန်းစေ့ - အနည်းငယ် (Optional)

.

ပြင်ဆင်ပြုလုပ်ပုံ 

၁။ ဦးစွာကောက်ညှင်းငချိတ်ကို ရေဆေးသန့်စင်ပြီး တစ်ည သို့မဟုတ် ၆ နာရီခန့် စိမ်ထားပါ။ 

၂။ ရေစိမ်ပြီးသားငချိတ်ကို ရေတစ်ကြိမ်ပြန်ဆေးကာ ရေစစ်ထားပါ။ 

၃။ ကြိတ်စက်တွင် ရေစစ်ထားသောငချိတ်ကို အုန်းနို့ 400 ml ထည့်ပြီး ချောမွေ့လာ သည်ထိ ကြိတ်ပေးပါ။ 

၄။ လိုအပ်သောအနေအထားထိ ချောမွေ့ပြီး ညက်လာပါက အိုးမကပ်သည့်ဒယ် တွင်ထည့်ပါ။

၅။ သကြားနှင့် ထောပတ်ထည့်ပြီး အနေတော်မီးဖြင့်တည်ကာ အဆက်မပျက်မွှေ ပေးပါ။ 

၆။ မုန့်သားညက်ပြီး ဆီပြန်လုံးလာသည်ထိမွှေပေးကာ ဆီသုတ်ထားသောဗန်း တွင်ထည့်ပြီး မျက်နှာပြင်ညီအောင်ပြုလုပ်ပါ။ ဘိန်းစေ့ဖြူးလိုပါက လှော်ပြီးသား ဘိန်းစေ့ဖြူးကာ အအေးခံထားပါ။မုန့်သားလုံးဝအေးသွားလျှင် လိုသလိုလှီး ဖြတ်ပြီး တည်ခင်းသုံးဆောင်နိုင်ပါပြီ။

.

ဒယ်အိုးဖြင့်မတည်ဘဲ မိုက်ခရိုဝေ့ဖ်တွင်ပြုလုပ်လိုပါက အပူခံဖန်ပန်းကန်တွင် ထည့်ပြီး ၂ မိနစ်တစ်ကြိမ်ထုတ်ပြီး သမအောင်မွှေပေးပါ။ အသုံးပြုသည့် မိုက်ခရိုဝေ့ဖ်အားပေါ်မူတည်ပြီး ၁ဝ မိနစ်မှ ၁၅ မိနစ်ကြာပါမည်။