တနင်္သာရီရိုးရာ ခေါသရပ်မုန့်


ဒီနေ့ တော်သလင်းလပြည့်ကျော် ၃ရက်ကတော့ ရှေးဟောင်းတနင်္သာရီရိုးရာဓလေ့ဖြစ်သော ခေါသရပ်ပွဲတော် အဖိတ်နေ့ပါပဲ။

တနင်္သာရီဘက် ရွာစဉ်ရွာတိုင်းမှာ ‌ရိုးရာခေါသရပ်မုန့်လုပ်တဲ့ မြင်ကွင်းလေးတွေကို ကြည်နူးစွာတွေ့မြင်ရမယ့်နေ့ဖြစ်ပါတယ်။ ခေါသရပ်မုန့်ကိုတော့ တစ်နှစ်ပတ်လုံးမှာ ဒီတစ်လပဲ စားခွင့်ရတာဖြစ်သလို ထူးခြားတဲ့ အနံ့အရသာတွေနှင့်အတူ တစ်မူထူးခြားတဲ့ တနင်္သာရီရိုးရာမုန့်တစ်မျိုးပဲဖြစ်ပါတယ်။
.
‌ရိုးရာမပျက် တနင်္သာရီခေါသရပ်မုန့်အတွက်
"ကောက်ငချိတ် ခရူစေ့လောင်းလို့
အုန်းနို့ဆောင်း ကျိုရအောင်
ရွှေခဲရောင် ဓနိပျားဆမ်း
နှမ်းဖတ်ကယ် ဖျန်း။
ကြံသကာ အနှစ်အခဲရယ်သို့
မှန်စွာ တစ်သက်စွဲရအောင်
မာန်ပါပါ အားပျိုးလို့
တအားထိုးကော် ဗျတ်ခွဲထုတ်
.
ကျုပ်တို့ ခေါသရပ်မုန့်။"ဆိုသည့်အတိုင်း ကောက်ညှင်း
ငချိတ်၊ကောက်ညှင်းဖြူ၊ အုန်းနို့၊ ဓနိပျား/သကြား၊ နှမ်း၊ခရူစေ့(သီဟိုဠ်စေ့)(သို့မဟုတ်)မြေပဲစသဖြင့် ပါဝင်သော ပစ္စည်းအချိုးအစားများအတိုင်း စနစ်တကျ အားနှင့်မာန်နှင့် ထိုးရသော ရိုးရာမုန့်ပါပဲ။ (ထမနဲနှင့် အရသာရော ဂုဏ်သတ္တိပါ မတူညီပါ။) ရိုးရာခေါသရပ်မုန့်မှာ ချိုမွှေးသော အရသာရှိပြီး အသေအချာ နှပ်အောင် ထိုးထားရင် တစ်လ အကြာထားခံသည်။ ပိုး ပုရွက်ဆိတ် မတက်ခြင်းမှာ ထူးခြားချက်ဖြစ်သည်။
.
ဘုရားကပ်ရန်၊ ဆွမ်းလောင်းရန်၊ခေါစာကျွေးရန်၊ လာလည်တဲ့ ဧည့်သည်များကို ကျွေးရန်၊ လက်ဆောင်ပေးရန်အတွက်ဆိုပြီး ခေါသရပ်‌ နေ့ မတိုင်မီရက်မှာ မိုးဗြဲဒယ်နှင့် မုန့်ထိုးနေတဲ့ မြင်ကွင်းလေးကို ငဗစ်ကာလအတွင်း ချမှတ်ထားသော စည်းကမ်းချက်များကို လိုက်နာလျက် ရိုးရာချစ်စိတ်ဖြင့် ထိန်းသိမ်းဆောင်ရွက်နေကြသည်မို့ အထူးပင် လေးစားဂုဏ်ယူမိပါသည်။
.
ဤနေ့ ညနေစောင်းသည်နှင့် တံစက်မြိတ်မှာ အခင်းအကျင်းလေးတွေ ပြုလျက် အိမ်စဉ်အိမ်တိုင်း ခေါသရပ်မုန့်နှင့် ခေါစာပစ် အလှူပြု အမျှဝေကြတဲ့ မြင်ကွင်းလေးတွေလည်း တနင်္သာရီဘက်မှာ ရှေးဟောင်းတနင်္သာရီရိုးရာအဖြစ်တွေ့မြင်နိုင်မှာပါ။ ထိုသို့သော ရိုးရာခေါသရပ်မုန့်များအပြင် ဖက်ထုပ်မုန့်၊ မုန့်ဆီကြော်၊ကောက်ညှင်းထုပ်၊မုန့်ဖက်ကပ်၊စသော မိမိတို့ တတ်နိုင်သော မုန့်များကို လုပ်ကြပြီး တစ်အိမ်နှင့် တစ်အိမ် မုန့်လဲလှယ်စားကြတာကလည်း ချစ်စရာတစ်ခုပါ။
.
ဘယ်လောက်ဝေးနေပါစေ။ ခေါသရပ်မုန့်လေးတွေကို တနင်္သာရီဆွေမျိုးတွေဆီ ရောက်အောင်ပို့ပြီး မေတ္တာဓာတ် ရယူဖလှယ်ကြတာကလည်း တနင်္သာရီဌာနေသားတို့၏ ချစ်စရာဓလေ့ပါ။
သာသနာနှစ် ၉၂ဝပြည့်နှစ် တနင်္သာရီလူမျိုးမင်းဆက် ဗြမုဒ္ဒရီမင်းဆက်မှသည် အစဉ်အဆက်မပြတ် ကျင်းပလာခဲ့သော ရှေးဟောင်းတနင်္သာရီရိုးရာ ခေါသရပ်ပွဲတော်ဓလေ့ဟာ ယနေ့အချိန်အထိ ရှင်သန်နေသည်မှာ တနင်္သာရီဌာနေလူမျိုးတို့၏ ရိုးရာယဉ်ကျေးမှုချစ်စိတ်များကြောင့်ပါပဲ။
.
ကြိုတင်ပြင်ဆင်စုဆောင်းမှု၊ စည်းလုံးညီညွတ်မှု၊ မေတ္တာတရားနှင့် ချစ်ကြည်ရင်းနှီးပျူငှာမှု၊ မကျွတ်မလွတ်ရှိနေသေးသော သူများသို့ အလှူပြုအမျှဝေ၍ ကုသိုလ်တရား ပွားများနိုင်မှု၊ ဘုရားအမှူးထား သံဃာများသို့ သဒ္ဓါတရား‌ ရှေးရှု လှူဒါန်းမှု၊ မိမိတို့ ဒေသကိုယ်ပိုင်ရိုးရာကို ဂုဏ်ယူတတ်မှုစသော ယဉ်ကျေးမှုအစဉ်အလာ ကောင်းခြင်းအရာများစွာနှင့် ပြည့်စုံနေသော တနင်္သာရီရိုးရာခေါသရပ်ပွဲကို ဆက်လက်ထိန်းသိမ်းနိုင်ပါစေလို့ ဆန္ဒပြုပါတယ်။
မိမိတို့ တနင်္သာရီဒေသမှ ထူးခြားသော အရသာနှင့် ပြည့်စုံသော တနင်္သာရီရိုးရာခေါသရပ်မုန့်ကိုလည်း ပွဲထုတ်နိုင်ဖို့ ဆက်လက်ကြိုးစားကြရပါမည်။
.
အခက်အခဲ အကြပ်အတည်း အနေအထား အခြေအနေ အကြောင်းကြောင်းကြောင့် အရင်တုန်းကလို ပွဲတော်အသွင်ဆောင် အကြီးအကျယ် မကျင်းပနိုင်ပေမယ့် ဤနေ့ ဤရက်မှာ သတိတရရှိစွာဖြင့် ခေါသရပ်မုန့်လေးတွေ ထိုးနေကြတဲ့ မြင်ကွင်းလေးတွေကို တွေ့ခွင့်ရသည်မို့ အထူးပင် ကျေနပ် အလွမ်းပြေပါတယ်။
.
နောက်နှစ်မှာ ရွာအလိုက်/အရပ်လိုက် ညီနောင်ချစ်ကြည်ရေးတနင်္သာရီခေါသရပ်မုန့်ထိုးပြိုင်ပွဲလေး လုပ်ပြီး ရှေးအစဉ်အလာမပျက် ပျော် ပျော် ပါးပါး မုန့်စားကြတဲ့ ပွဲလေးအဖြစ် ပြန်မြင်ချင်မိပါတယ်။
.
ရိုးရာယဉ်ကျေးမှုကို ချစ်သော တနင်္သာရီဌာနေသားများအားလုံး ဘေးဘယာကင်းကွာပြီး ကိုယ်စိတ် ချမ်းမြေ့ ပျော်ရွှင်ကြပါစေကြောင်း မနက်ဖြန်ကျရောက်မည့် ခေါသရပ်နေ့ကို ‌ကြိုဆိုရင်း ဆုတောင်းပြုလိုက်ရပါတယ်။
Credit: စာရေးသူ။ ရွှမ်းသိင်္ဃ (တနင်္သာရီ)
Crd-photo